တရားသူကြီး၊ ရဲ၊ ထွေအုပ်ဝန်ထမ်းများ အပါအဝင် ဝန်ထမ်းအချို့ကို တရားစွဲဆိုခွင့်ပေးရန် သမ္မတဟောင်း ဦးထင်ကျော် လက်ထက်က စာပေးပို့မှု မထူးခြားသဖြင့် သမ္မတသစ်ထံ စာသုံးကြိမ် ထပ်မံပေးပို့ ထားသော်လည်း ပြန်စာမရောက်သေးဟု မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။
“ဦးဝင်းမြင့် လက်ထက်မှာ သုံးကြိမ်တိုင်တိုင် ပို့ခဲ့ပါတယ်။ ဘာမှမထူးခြားပါဘူး။ အကြောင်းပြန်စာတောင် မရောက်ဘူး။ သမ္မတ ဦးဝင်းမြင့်ဆီတောင် မကဘူး။ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ ရန်ကုန်တိုင်းတရားသူကြီးချုပ်၊ အနောက်ပိုင်းခရိုင် တရားသူကြီးချုပ်တို့ကို ဘုန်းကြီးရှေ့လ ၃၁ ရက်နေ့ကလားပဲ ပို့ဖြစ်ပါသေးတယ်။ အဲဒီလို တရားစွဲဆိုခွင့် တောင်းသော်လည်းပဲ စာတွေက လက်ခံရန် အပိုင်းသာရှိတယ်။ စာတွေက အရေးယူမှုအပိုင်းဟာ လုံးလုံးမရှိသလို ဖြစ်နေပါတယ်” ဟု ဆရာတော်ဦးပါမောက္ခက မိန့်ကြားသည်။
တရားစွဲဆိုရခြင်းမှာ ဆရာတော်က ၎င်းအမှုရင်ဆိုင်ရစဉ် ဝန်ထမ်းအချို့သည် ဥပဒေကို လေးစားလိုက်နာမှု မရှိဘဲ ဥပဒေဘောင် ကျော်လွန်၍ လုပ်ဆောင်မှုများ ရှိခဲ့ကြောင်း၊ ၎င်းထံတွင် အကျင့်ပျက်ခြစားသည့် ဝန်ထမ်းအချို့၏ အမှုတွဲ ၁၅၀ ခန့်ရှိကြောင်းကို ဆရာတော်ဦးပါမောက္ခက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ထားသည်။
“ဘုန်းကြီးအမှုနဲ့တော့ အကြိမ်ကြိမ်တိုင်ဖူးတယ်။ အခုဟာက တရားဥပဒေစိုးမိုးမှု လုံးဝမရှိဘူး။ ဘုန်းကြီးတို့ နစ်နာသူများ ရှင်းလင်းပြောကြားရေး ကော်မတီက နှစ်လတစ်ကြိမ်ပုံမှန် ၂၀၁၄ ခုနှစ်ကတည်းက လုပ်လာခဲ့တယ်။ ဘုန်းကြီး ထောင်မကျခင်ရက်အထိ လုပ်လာခဲ့တယ်။ ဒီထောင်ကျလာတဲ့ အခါကျတော့ ပြည်ထဲရေး လက်အောက်ခံ ရဲတွေကနေပြီးတော့ ဘုန်းကြီးက တခြားရေးတွေမှာ ဝင်ရောက်စွက်ဖက်တယ်လို့ စွပ်စွဲတယ်။ ဒါပေမဲ့ ဘုန်းကြီးက အမှုအခြင်းအရာ စာရွက်ပေါ်မှာလည်းပဲ အမှုချင်း တစ်ခုချင်းရေးတယ်။ ဗွီဒီယို အသံဖိုင်တွေလည်း ဘုန်းကြီးတို့ကော်မတီက တင်ပြတယ်။ ဒါတွေကို အရေးယူမှု အားနည်းတယ်ပေါ့နော်။ အားနည်းတယ် ဆိုတာက NLD အစိုးရက ယခင်အစိုးရ လက်ထက်ကပြောတဲ့ ဝန်ထမ်းတွေက သတင်းပေးတဲ့ဟာတွေကို အတည်ပြုနေချက်ကြောင့် ဘုန်းကြီးက ဘာမှလုပ်မရလို့မို့ ယခုတိုင်တာ တောတာတွေ အထိုက်အလျောက်လောက်ပဲ ရှိတော့တယ်။ ဟိုတုန်းကလောက်ကြီးတော့ မရှိတော့ဘူး။ ဘုန်းကြီးအမှုနဲ့ ပတ်သက်ပြီးတော့ ဆန်ရှင်တောင်းတယ်။ တစ်ကြိမ်မှ မကျခဲ့ဘူးပေါ့နော်” ဟု ဦးပါမောက္ခက ဆက်လက် မိန့်ကြားသည်။
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၁၉၅ အရ ပြည်သူ့ဝန်ထမ်း တစ်ဦးဦးကို တရားစွဲဆိုမည် ဆိုပါက နိုင်ငံတော်သမ္မတ သို့မဟုတ် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ခွင့်ပြုချက်ရရှိမှသာ တရားစွဲဆိုနိုင်ကြောင်း ဦးပါမောက္ခက မိန့်ကြားသည်။
ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများအပေါ် အမေရိကန်သံရုံးက ရိုဟင်ဂျာလူမှုအသိုက်အဝန်းဟု သုံးနှုန်းခဲ့သည့်အပေါ် ကန့်ကွက်ကြောင်းကို မြောက်ဒဂုံမြို့နယ်ရှိ မကွေးကျောင်းဆရာတော် ဦးပါမောက္ခက ဦးဆောင်ကာ အမေရိကန်သံရုံးရှေ့တွင် ၂၀၁၆ ခုနှစ် ဧပြီ ၂၈ ရက်က ဆန္ဒထုတ်ဖော်ခဲ့သည်။ ထိုသို့ ဆန္ဒထုတ်ဖော်မှုနှင့် စပ်လျဉ်း၍ ဆရာတော် ဦးပါမောက္ခသည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် ကမာရွတ်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခံခဲ့ရပြီး ၂၀၁၈ ဖေဖော်ဝါရီ ၂၁ ရက်တွင် ထောင်ဒဏ်သုံးလ ချမှတ်ခြင်းခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
Eleven Media Group






0 comments:
Post a Comment