ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ခြံစည်းရိုး BP 41 နယ်စပ်မျဉ်းရှိ လုံခြုံရေးကင်းစခန်းကို ဇန်န၀ါရီ ၂၄ ရက် နံနက် ၆ နာရီခန့် တွင် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ လက်နက်ကြီးများဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။
နယ်စပ်ခြံစည်းရိုး BP 41 နယ်ခြားစောင့်ရဲစခန်းတွင် တာဝန်ချထားသော ရဲအင်အားမှာ(၁၀)ဦးကျော်သာ ရှိပြီး ယနေ့ (ဇန်န၀ါရီ ၂၄ ရက်) နံနက် ၆ နာရီခန့် တွင် ယင်းကဲ့သို့ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း မီတာ ၁၅၀ ခန့် အကွာ တောင်ကုန်းပေါ်မှနေ၍ လောင်ချာများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထံမှ သိရသည်။ " BP 41 က နယ်စပ်မျဉ်းပေါ်မှာ ရှိတာလေ။ ဟိုဘက်ခြမ်းတောင် ရောက်နေပါပြီ။ အဲဒီအနောက်ဘက် မီတာ ၁၅၀ လောက်အကွာ တောင်ကုန်းပေါ်ကနေ လောင်ချာတွေနဲ့ လှမ်းပစ်တာပါ။ ဒဏ်ရာရသွားသူတော့ မရှိပါဘူး။ သူမြင်ကိုယ်မြင် ပစ်တာမျိုးတော့ မဟုတ်ဘူး။ ဟိုဘက်ကနေ ချောင်းပစ်တာပေါ့ " ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အကုန်သိသတင်းဌာနကို ဇန်န၀ါရီ ၂၄ ရက် နေ့ လယ်ပိုင်း၌ ပြောသည်။ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ လှမ်းပစ်ခြင်းဖြစ်သည့်အတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကိုလည်း နိုင်ငံခြားရေး သံတမန်လမ်းကြောင်းမှတစ်ဆင့် ကန့် ကွက်အသိပေးစာများ ပေးပို့ ထားပြီဖြစ်ကြောင်း သိရသည်။ " အဲဒီဘက်ကတော့ ARSA နဲ့ တော့ ပိုနီးတယ်။ ARSA ပဲ ဖြစ်ဖို့ များပါတယ် " ဟု ၄င်းက ဆက်လက်ပြောကြားသည်။ ယင်းကဲ့သို့ ချောင်းမြောင်းပစ်ခတ်မှုအတွင်း နယ်ခြားစောင့်တပ်ဖွဲ့ ဘက်တွင် ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း တပ်မတော်စစ်ကြောင်းများဘက်က နောက်ဆုံးအခြေအနေကို နားစွင့်၍ လိုအပ်သလို ကူညီပေးရန်အသင့်ပြင်ဆင်ထားကြောင်း သိရသည်။
အထူးသဖြင့် ထိတွေ့ ရင်ဆိုင်တိုက်ပွဲမျိုးမဟုတ်ဘဲ ချောင်းမြောင်းပစ်သွားခြင်းမျိုးသာ ဖြစ်သည့်အတွက် တပ်မတော်စစ်ကြောင်းများဘက်က လိုက်လံရှင်းလင်းရေးမျိုး မလုပ်ရသေးဘဲ နောက်ဆက်တွဲကိုသာအသင့်စောင့်ကြည့်နေသည့်အနေအထားမျိုး ဖြစ်ကြောင်း ကြားသိရသည်။ လက်ရှိတွင် ချောင်းမြောင်းပစ်ခတ်ခဲ့သူများက မိနစ် ၂၀ ခန့် ဆက်တိုက် ပစ်ခတ်မှုများလုပ်ခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။
(အကုန်သိ သတင်းဌာန)







0 comments:
Post a Comment