၂၀၁၈ ခုနှစ်အတွင်း ပြည်တွင်းသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွား ဦးရေမှာ သုံးသန်းအထက်ရှိပြီး ၂၀၁၇ ခုနှစ်ထက် ၂ ရာခိုင်နှုန်းသာ တိုးလာကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
၂၀၁၇ ခုနှစ်အတွင်း ပြည်တွင်းသို့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားဧည့်သည်မှာ ၂ ဒဿမ ၈ သန်းခန့်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း လေးသန်း ဝင်ရောက်မည်ဟု ခန့်မှန်းထားသော်လည်း သုံးသန်းအထက်သာရှိပြီး ဧည့်ဝင်နည်းရခြင်းမှာ အနောက်တံခါးဖြစ်စဉ်ကြောင့် ဖြစ်ပြီး မျှော်မှန်းထားသည့် ဦးရေထက် နည်းခဲ့ကြောင်း သိရသည်။
ယင်းအပြင် ခရီးသွားကဏ္ဍ ပြန်လည်မြှင့်တင်ရန်အတွက် ဂျပန် နှင့် ကိုရီးယားနိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပေးခဲ့ပြီး တရုတ်နိုင်ငံအား ဆိုက်ရောက်ဗီဇာပေးခဲ့ ပြီးဖြစ်သည်။
နောက်ပိုင်းတွင် တရုတ်နိုင်ငံမှ ၃၈ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံမှ ၇ ရာခိုင်နှုန်း၊ ကိုရီးယားနိုင်ငံမှ ၆ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံမှ ၄ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံမှ ၃ ဒဿမ ၈ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံမှ ၁ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။
“ဟိုတယ်နဲ့ ခရီးသွားကတော့ လဆန်းလောက်မှ ထုတ်ပြန်မှာပါ။ ၃သန်းနဲ့ အထက် ရှိတယ်လို့ ကြားတယ်။ ၃သန်းခွဲလောက်တော့ ရှိမယ်လို့ မျှော်မှန်းထားတယ်။ Master Plan ထဲမှာတော့ ၂၀၂၀ ထိကို ၇ သန်းလောက်ဝင်မယ်လို့မှန်းထားတယ်။ ၂၀၁၉ ခုနှစ်ထဲမှာဆိုရင်တော့ ၄ သန်းလောက်ထိ ဝင်သင့်တယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးသက်လွင်တိုး က ပြောသည်။
ပြည်တွင်းသို့ လေကြောင်းဖြင့် လာရောက်မှုထက် နယ်စပ်မှ လာရောက်လည်ပတ်သည့် ဧည့်သည်မှာ အများဆုံးဖြစ်ကြောင်း၊ ယင်းအပြင် ခရီးသွားကဏ္ဍအဆင့်မြှင့်တင်မှုများ ပြုလုပ်ရာတွင် ပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် နေရာဒေသ အသစ်များကိုလည်း ဖော်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။ ယင်းအပြင် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနမှ ခရီးသွားကဏ္ဍကို အဆင့်မြှင့်တင်မှုများ ပြုလုပ်နိုင်ရန်အတွက် ဘတ်ဂျတ်ငွေကို ယခင်နှစ်များထက် တိုးမြှင့်ချပေးထားကြောင်းလည်း သိရသည်။
စုသက်နှင်း (အကုန်သိသတင်းဌာန)







0 comments:
Post a Comment