Saturday, January 5, 2019

ယာဉ်မောင်းကို ဝိုင်းထိုးကြိတ်ပြီး ကားချင်းဝင်တိုက်ခဲ့သည့် YBS ၉၂ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ဖမ်းမိ

မြောက်ဥက္ကလာပမြို့နယ်၊ (ဈ) ရပ်ကွက်၊ သုဓမ္မာလမ်းတွင် MAZDA ယာဉ်မောင်းအမျိုးသားကို အုပ်စုဖွဲ့ ဝိုင်းထိုးကြိတ်ပြီး ကားကားချင်းပါ ဝင်တိုက်ခဲ့သည့် YBS ၉၂ ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ဖမ်းဆီးရမိထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အမှုဖြစ်စဉ်မှာ ဇန်နဝါရီလ ၃ ရက် ညနေပိုင်းက သုဓမ္မာလမ်းတွင် ကားပါကင်ထိုးရန် MAZDA ယာဉ်အား နောက်ဆုတ်နေသည့် ယာဉ်မောင်းအမျိုးသားကို YBS ၉၂ ခရီးသည်တင်ယာဉ်တစ်စီးပေါ်မှ ယာဉ်မောင်းအမျိုးသားက ယာဉ်ရှေ့ပိတ်နေသဖြင့် ဆဲဆိုရန်ရှာခဲ့သည်။

“အိမ်စီးကားလေးက ယာဉ်မောင်းဖြစ်သူက UNIQUE ဆိုင်ထဲ သူဝင်မလို့ ကားပါကင်ထိုးဖို့ နောက်ဆုတ်နေကြောင်း ရှင်းပြတယ်။ ဒါကို YBS ယာဉ်မောင်းက မကျေမနပ်ဖြစ်ပြီး သူအပါအဝင် လေးယောက် ကားပေါ်က ဆင်းလာပြီး အိမ်စီးကားမောင်းသူကို ဝိုင်းထိုးတယ်။ ပြီးတော့ YBS ကားပေါ်ပြန်တက်ပြီး ကားကားချင်း ဝင်တိုက်သွားတယ်။ ခံရသူက YBS ၉၂ ယာဉ်နံပါတ်ကို မှတ်ထားတာကြောင့် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို ဖမ်းဆီးရမိထားပြီ။ ကျန်တရားခံတွေပါ ထပ်မံဖမ်းဆီးအရေးယူသွားမှာပါ” ဟု ရဲအရာရှိက ရှင်းပြသည်။

MAZDA ယာဉ်မောင်းအမျိုးသားမှာ ဝိုင်းထိုးကြိတ်ခံရမှုကြောင့် မျက်နှာနှင့် ပခုံးတွင် နာကျင်ဒဏ်ရာများရရှိခဲ့ပြီး ၎င်း၏ယာဉ်မှာ ဘယ်ဘက်မှန်နှင့် တံခါးပျက်စီးခဲ့သဖြင့် ဇန်နဝါရီလ ၄ ရက်နေ့က မြောက်ဥက္ကလာပရဲစခန်းတွင် လာရောက်တိုင်ကြားခဲ့ပြီး စခန်းက ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၃/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ကာ ယာဉ်မောင်း အသက် ၂၅ နှစ် ချစ်မြတ်စိုးနှင့် ယာဉ်နောက်လိုက် အသက် ၄၅ နှစ် ဇော်မင်းဦးတို့ကို ဖမ်းဆီးအရေးယူထားပြီး ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သော ကျန်အမျိုးသားနှစ်ဦးကို ထပ်မံဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

0 comments:

Post a Comment