ကြည့်မြင်တိုင်မြို့နယ် တရားသူကြီးက မူးယစ်အမှုကို တံခါးပိတ် အမိန့်ချမှတ်ခဲ့သည့်အတွက် အမိန့်ချမှတ်ခံရသူ နှစ်ဦး၏ မိသားစုများက လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေ ၅ ရက်တွင် သဲချစ်နိုင်၊ အောင်မျိုးထိုက်နှင့် ဇေယျာမောင်တို့ သုံးဦးထံမှ WY တံဆိပ်ပါ စိတ်ကြွဆေးပြား ငါးပြား တွေ့ရှိရာ မူးယစ်ဥပဒေဖြင့် ဖမ်းဆီးပြီး စက်ဆန်းမြို့နယ်ရဲစခန်းမှ အမှုဖွင့်တိုင်ကြားခဲ့ပြီး ကြည့်မြင်တိုင်မြို့နယ် တရားရုံးက စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
သဲချစ်နိုင်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၆ (ဂ)၊ အောင်မျိုးထိုက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၆ (ဂ)/ ၂၁၊ ဇေယျာမောင်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၆ (ဂ)/ ၂၁ တို့ဖြင့် ကြည့်မြင်တိုင်မြို့နယ် တရားရုံးတွင် အမှုဖွင့်ခဲ့သည်။
ယင်းအမှုတွင် ကြည့်မြင်တိုင်တရားရုံးမှ မြို့နယ်တရားသူကြီးက သဲချစ်နိုင်ကို အမှုမှ အပြီးသတ်လွှတ်ပေးပြီး ကျန်နှစ်ဦးဖြစ်သည့် အောင်မျိုးထိုက်နှင့် ဇေယျာမောင်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(၈)/၂၁ အရ အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်စီ မတ် ၇ ရက်က ချမှတ်ခဲ့သည်။
ယင်းကို မကျေနပ်သည့် တရားခံများ၏ မိခင်ဆွေမျိုးများက မတ် ၂၅ ရက်တွင် တရားဝင်ခွင့်ပြုချက် တောင်းခံကာ လူ ၅၀ ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
ယင်းဆန္ဒပြပွဲတွင် ပွင့်လင်းမြင်သာမှု မရှိသော တရားရုံးများ အလိုမရှိ၊ တရားမျှတမှု ရရှိခွင့် အားလုံးအတွက် တရားမျှတမှု၊ တရားသူကြီးများ အဂတိလေးပါး ကင်းရှင်းရေး၊ တရားရုံးတွင် မှန်ကန်သော ဆုံးဖြတ်ချက်နှင့် ဘက်မလိုက်တဲ့ တရားသူကြီး ပေါ်ပေါက်ရေး၊ တရားသူကြီးများ မနက်ဖြန်တိုင်း လိပ်ပြာလုံချင်ရင် ဒီနေ့ကစ ရိုးသားပါ၊ တရား ဥပဒေအထက်တွင် မည်သူမျှ မရှိစေရေးအစ ရှိသည့် အချက်ပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့ကြောင်း သိရသည်။
“ အဓိက တရားခံ သဲချစ်နိုင်ကို ပစ္စည်း လက်ဝယ်မိပြီး ကွင်းလုံးကျွတ် လွှတ်ပေးတယ်။ ကျန်တဲ့တရားခံ နှစ်ဦးကို ထောင်ငါးနှစ် ချမှတ်ခဲ့တယ်။ ကျွန်မတို့လည်း မရှိတဲ့ကြားကနေ တရားခွင်ကို ငွေနဲ့လိုက်ခဲ့ပါသေးတယ်။ နောက်ဆုံး အဆင်မပြေဘဲ သားက ထောင်ငါးနှစ် ချမှတ်ခံရတာပါ။ ကျွန်မသားကို ထောင်ချလို့ စိတ်ဆိုးပြီး ဒီလိုလုပ်တာ မဟုတ်ပါဘူး။ ကျွန်မတို့ ခံစားနေရသလို ပြည်သူတွေလည်း ဒီလိုဒုက္ခမျိုး မကြုံတွေ့စေဖို့ အခုလို ဆန္ဒထုတ်ဖော်ရတာ ဖြစ်ပါတယ်”ဟု ထောင်ငါးနှစ် ကျခံခဲ့ရသည့် အောင်မျိုးထိုက် ၏ မိခင် ဒေါ်စန်းစန်းမော်က ဆိုသည်။
ကြည့်မြင်တိုင်မြို့နယ် တရားသူကြီး အမိန့်ချမှတ်မှုအပေါ် ယင်းတရားရုံးသို့ ဝင်ရောက် တွေ့ဆုံသော်လည်း တရားသူကြီး နှင့် အဆက်သွယ် မရရှိခဲ့ပေ။
တရားခံ၏ မိခင်ဆွေမျိုးများက အဆိုပါဖြစ်စဉ်ကို နိုင်ငံတော် အတိုင်ပင်ခံ၊ သမ္မတ နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အပါအဝင် ဌာနဆိုင်ရာများသို့ တရားသူကြီးကို အရေးယူ ဆောင်ရွက်ပေးရန် တိုင်စာများ ပေးပို့ထားပြီး ဖြစ်ကြောင်း သိရသည်။
အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်သွားသည့် သဲချစ်နိုင် မိသားစုများကို ဖုန်းဆက်မေးမြန်းသော်လည်း မေးမြန်းခွင့် မရခဲ့ပေ။
“ တရားရေးမဏ္ဍိုင် ဖြောင့်မတ်ဖို့နဲ့ တရားသူကြီးသူများ မှန်မှန်ကန်ကန် အမိန့်ချဖို့ပါ။ (၁) တရားခံကို တရားသူကြီးက ကွင်းလုံးကျွတ် လွှတ်လိုက်ပြီး (၂) တရားခံနဲ့ (၃)တရားခံကို ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ပါတယ်။ ဒီလိုအမိန့်ချမှတ်တာကိုလည်း ကျွန်မတို့ မိသားစုတွေ နားထောင်ခွင့်၊ ကြည့်ခွင့်မရဘဲ တံခါးပိတ်ပြီး ချမှတ်ခဲ့တာပါ။ ၁၃ ရက်မှ အမိန့်စာရွက်ရပြီး ဒီလိုအမိန့်ကို သိရတာပါ။ ဒီလို တရားရေးမဏ္ဍိုင် မဖြောင့်မတ်လို့ ကျွန်မတို့ ခုလို ဆန္ဒပြတောင်းဆိုရတာပါ” ဟု အောင်မျိုးထိုက်၏ အဒေါ်တော်စပ်သူ ဒေါ်နိုင်နိုင်မော်က ပြောကြားသည်။
ထောင် ငါးနှစ်စီ ကျခံသည့် တရားခံနှစ်ဦးအတွက် အယူခံ ဆက်လက် ဝင်မည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ကြည့်မြင်တိုင် ကမ်းနားဈေးရှေ့တွင် စုရုံးကာ မဟာသကျမုနိ ဘုရားကြီးကျောင်းရှေ့ထိ လူ ၅၀ ခန့် ဖြင့် လမ်းလျှောက် ချီတက်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Eleven Media Group







0 comments:
Post a Comment