Tuesday, March 26, 2019

မြစ်ကြီးနားတွင် တရုတ်လူမျိုးတဦးက အဆောက်အဦအခိုင်အမာဆောက်လုပ်နေခြင်းကို အရေးယူတားမြစ်ခြင်းမရှိ၍ နေပြည်တော်သို့ လာရောက်တိုင်ကြား


ကချင်ပြည်နယ်၊ မြစ်ကြီးနာမြို့၊ ကချင်စုရပ်ကွက်၊ အမှတ်(၁၁၈)၊ အကွက်အမှတ်(၃၁)၊ ဦးပိုင်(၇၅) မြေကွက် အမှတ်(၇၃) ရှိ ဧရိယာ ၁၆၉၀ စတုရန်ပေရှိ ဒေါ်ဆမားဂျာဘူနှင့် ဦးဆမားနော်ဆန်းပိုင်မြေကွက်တွင် တရုတ်နိုင်ငံသား ဦးကျားရှော့ ဧည့်နိုင်ငံသားအမှတ် ၁/မကန(ဧည့်)၀၀၀၇၇၃ ကိုင်ဆောင်သူသည် ခွင့်ပြုချက် မရှိဘဲ နေအိမ်ဆောင်လုပ်နေမှုကို ဒေသအာဏာပိုင်များထံတိုင်ကြားသော်လည်း အရေးယူမှုမရှိသည့်အတွက် မတ်လ ၂၅ ရက်နေ့က မူလမြေပိုင်ရှင်၏သားဖြစ်သူ ကိုဂမ်းဆိုင်က နေပြည်တော်သို့ လာရောက်တိုင်ကြားခဲ့သည်။ 
ယင်းမြေကွက်သည် ဦးဆမာနော်ဆန်းနှင့် ဒေါ်ဆမာဂျာဘူအမည်ပေါက် နှစ် ၃၀ ဂရန်ဖြစ်ပြီး ယနေ့အချိန်ထိ မည်သူတဦးတယောက်ကိုမျှ ရောင်းချထားခြင်းမရှိကြောင်း၊ မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ မည်သည့်အခါကမှ အငြင်းပွားမှုမရှိကြောင်း ကိုဂမ်းဆိုင်ကပြောသည်။ 
“ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ မြေဂရန်နှစ်သုံးဆယ်သက်တမ်းမှာ ၂၀၂၀မှာပြည့်မှာဖြစ်ပါတယ်။ ဂရန် သက်တမ်းကုန်ဆုံးချိန်ကို အခွင့်ကောင်းယူပြီး သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကြံစည်ပြီး ဂရန်သက်တမ်းတိုးချိန်တွင် ဧည့်နိုင်ငံသားကိုချပေးတဲ့အတွက် တိုင်းရင်းသားတဦးပိုင်ဆိုင်ခွင့်မရှိအောင် ကူညီ နိုင်ရန် နိုင်ငံတော်အကြီးအကဲများထံ အသနားခံတင်ပြနိုင်ရန်အတွက် နေပြည်တော်ကိုက်လာခြင်းဖြစ်ပါတယ်။” ဟု၎င်းကဆက်လက်ပြောကြားသည်။ 
မိမိပိုင်မြေကွက်တွင် နေအိမ်ဆောက်လုပ်ခြင်းကို မြစ်ကြီးနားစည်ပင်ကတားမြစ်သော်လည်း တရုတ်နိုင်ငံသား ဖြစ်သူ ဦးကျားရှော့ နေအိမ်ဆောက်လုပ်မှုကို ကန့်ကွက်ခြင်းမရှိသည့်အပြင် တိုင်ကြားသည့်အခါတွင်လည်း အရေးယူဆောင်ရွက်မှုတစုံတရာပြုလုပ်ခြင်းမရှိသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့သို့တိုင်ကြားရာတွင်လည်း ထူးခြားမှုမရှိသည့်အတွက် နေပြည်တော်သို့တက်ရောက်တိုင်ကြားရခြင်းဖြစ်ကြောင်း နေပြည်တော်အခြေစိုက် သတင်းသမားမျာနှင့်တွေ့ဆုံစဉ်တွင် ကိုဂမ်းဆိုင်ကပြောကြားခဲ့သည်။ 

ထွန်း(နေပြည်တော်)
News Watch

No comments:

Post a Comment