ရန်ကုန်မြို့သစ် ပထမအဆင့် စီမံကိန်းဖြစ်သည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း (၆) ခုအတွက် Expression of Interest (EOI) ခေါ်ယူရာတွင် ပြည်တွင်း ပြည်ပကုမ္ပဏီပေါင်း (၄၅) ခု လာရောက်လျှောက်ထားကြောင်း NYDC ကုမ္ပဏီလီမိ တက်မှ သိရသည်။
အဆိုပါ လျှောက်လွှာတင်သွင်းမှုတွင် ကုမ္ပဏီ၊ အဖွဲ့အစည်းပေါင်း (၄၅) ခုရှိပြီး မြန်မာ၊ အိန္ဒိယ၊ ဖင်လန်၊ ဂျပန်၊ ဟောင်ကောင်၊ တရုတ်၊ အီတလီ၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ အစရှိတဲ့ နိုင်ငံပေါင်းစုံက ပါဝင်ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်မြို့သစ် ပထမအဆင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းလုပ်ကိုင်ရန် ရွေးချယ်ခံရသည့် အဖွဲ့ အစည်းနှင့် NYDC တို့ ပူပေါင်းပြီး Design, Invest, Build and Operate (ဒီဇိုင်းဆွဲခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ တည်ဆောက်ခြင်း၊ စီမံလုပ်ကိုင်ခြင်း) ပုံစံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ပထမအဆင့်ဆောင်ရွက်မှုမှာတင် ကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံကုန်ကျမယ်လို့ ခန့်မှန်းထားတယ်။ အဲဒီအတွက် ရင်း နှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ရမယ်။ ဒါကြောင့် မကြာခင်မှာ NYDC Challenge လုပ်သွားမယ်။ NYDC Challenge လုပ်တဲ့ နေရာမှာ လည်း မျှတတဲ့ ပြိုင်ဆိုင်မှု၊ ပွင့်လင်းမြင်သာမှုနဲ့ ထိရောက်မှု ရှိစေဖို့အတွက် နိုင်ငံတကာနည်းစနစ်ကို သုံးသွားမယ်။ လက်ရှိမှာ လည်း ဒီဇိုင်းရေးဆွဲပြီးတာနဲ့ စီမံကိန်းကို ချက်ခြင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ”ဟု NYDC ၏ ဒုဥက္ကဋ္ဌနှင့် အမှု ဆောင်အရာရှိချုပ် တာဝန်ထမ်းဆောင်သူ ဦးသိမ်းဝေက ပြောကြားခဲ့သည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် CCCC ကုမ္ပဏီမှ ထိန်းချုပ်ဆောင်ရွက်သွားမည်ဆိုသောကြောင့် ပြည် သူများအနေနှင့် ကန့်ကွက်မှုများ ရှိနေကြောင်း သိရသည်။
အဆိုပါ စီမံကိန်းသည် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂ သန်း ဖော်ဆောင်ပေးမည်ဟု ပြောဆိုထားပြီး နောင်တစ်ချိန်တွင် အလုပ်သမားမြို့တော်ဖြစ်လာနိုင်ကြောင်း ဦးသိမ်းဝေက NYDC Town Hall 2 ဆွေးနွေးပွဲတွင် ပြောကြားထားသည်။
ရန်ကုန်မြို့သစ် စီမံကိန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကနဦး မတည်ငွေ မြန်မာငွေကျပ် ၁၀ ဘီလီယံကျပ်သာ ထည့်ဝင်ထားပြီး ကျန်ရှိသည့် ငွေပမာဏ ကန်ဒေါ်လာ ၄.၉၉၃ ဘီလီယံကွာ ဟနေပြီး ယင်းငွေကို ရရှိရန်အတွက် ပြည်တွင်းပြည်ပရှိ စီးပွားရေး လုပ်ငန်းရှင်များကို စီမံကိန်းတွင် ရင်းနှီးမြှပ်နှံရန်အတွက် ဖိတ်ခေါ်ထားကြောင်း သိရသည်။
စုသက်နှင်း(အကုန်သိ သတင်းဌာန)


No comments:
Post a Comment