Thursday, April 4, 2019

တာချီလိတ်မြို့မှ ရွှေဆိုင်ကိုဓားပြဝင်တိုက်သွားသူများအနက် ထိုင်းနိုင်ငံသားအပါအဝင် ၃ ဦးဖမ်းမိ


တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း (က) ရပ်ကွက်ရှိ နန်းနန်းဘွန်းကျောက်ရွှေဆိုင်ကို သေနတ်များကိုင်ဆောင်ပြီး ဓားပြဝင်တိုက်သွားသည့် အမည်မသိအမျိုးသား ၆ ဦးအနက် ထိုင်းနိုင်ငံသား ၁ ဦးအပါအဝင် ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း (က) ရပ်ကွက်ရှိ နန်းနန်းဘွန်းကျောက် ရတနာရွှေဆိုင်သို့ မတ်လ ၂၉ ရက်၊ နံနက် ၇ နာရီခန့် ယာဉ်တစ်စီးဖြင့် အမျိုးသား ၆ ဦး ရောက်လာကာ ဆိုင်ပိုင်ရှင်အပါအဝင် ၄ ဦးကို ကြိုးဖြင့်တုပ်၍ စိန်၊ ရွှေ၊ ငွေနှင့် ဖုန်းများ (ကာလတန်ဖိုး ငွေကျပ်သိန်း ၂၉၀၀ ခန့်) ဓားပြတိုက်ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါဖြစ်စဉ်မှ ထိုင်းနိုင်ငံသားအပါအဝင် ၃ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။ 

“အခင်းဖြစ်တဲ့နေရာမှာ ပါဝင်တဲ့ ၁ ဦးဖမ်းမိတယ်။ ဒီကိစ္စမှာ ပါဝင်ပတ်သက်တဲ့လူ ၂ ဦးကိုလည်း ဖမ်းဆီး စစ်ဆေးနေတယ်။ ဖမ်းမိတာကတော့ တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စုမှာ ၂ ရက်နေ့ညပိုင်းက ဖမ်းမိတာပါ။ အဲဒီထဲမှာ ထိုင်းနိုင်ငံသား ၁ ဦးလည်းပါတယ်။ ရွှေ ၁၂ ကျပ်သားနှင့် ဘတ်တစ်သိန်းခွဲ တော်တော်များများကို သူတို့လက်ထဲကနေရော၊ နေအိမ်တွေကရော သိမ်းဆည်းရမိထားပါတယ်။ လက်တလောတော့ စစ်ဆေးနေတုန်းမို့ ဒီလောက်ပဲပြောနိုင်ပါသေးတယ်” ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲအုပ်ကိုကိုဦးက အကုန်သိ သတင်းဌာနသို့ ပြောသည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို တာချီလိတ်မြို့မရဲစခန်း၌ (ပ) ၁၇၂/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ- ၃၉၅ ဖြင့် အမှုဖွင့်ကာ လွတ်မြောက်နေသူများကို ထပ်မံဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။ 

နိုင်မင်းလွင်(အကုန်သိ သတင်းဌာန) | ဓာတ်ပုံ-တာချီလိတ်ရဲတပ်ဖွဲ့

0 comments:

Post a Comment