တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဆွစ်ဇာလန်နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာရှ - ပစိဖိတ်ဒေသဆိုင်ရာဌာနအကြီးအကဲ H.E. Mr. Raphael Nageli အား ဧပြီ ၄ ရက်၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှ - ပစိဖိတ်ဒေသဆိုင်ရာ ဌာနအကြီးအကဲ နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tim Enderlin နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်မှုများတွင် ဆွစ်ဇာလန်နိုင်ငံက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဆက်လက်ကူညီ ဆောင်ရွက်ပေးမည့်အခြေအနေများ၊ တပ်မတော်သားများအနေဖြင့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို နေ့စဉ်နှင့်အမျှ အသေးအဖွဲ့စည်းကမ်းချက်များမှအစ လိုက်နာရပြီး စည်းကမ်းမလိုက်နာသူ၊ ဥပဒေ ချိုးဖောက်သူများကိုလည်း သက်ညှာမှုမရှိ အရေးယူရသည့် တပ်မတော်အစဉ်အလာ ကောင်းများ၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးကို အမှန်တကယ်ရရှိစေလိုသည့် စေတနာဖြင့် နှစ်ပေါင်း ၇၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တပ်မတော်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေမှစ၍ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးထားသည့် အခြေအနေများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် NCA လက်မှတ်ရေးထိုးနိုင်ရန် အခြေအနေများ၊ မြန်မာ နိုင်ငံတွင်လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး များတွင် ကူညီဆောင်ရွက်နိုင်သည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ဖြစ်စဉ်မှန်များအား နိုင်ငံတကာမှ အမှန်အတိုင်းသိရှိရန် လိုအပ်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
The Ladies News







0 comments:
Post a Comment