Thursday, May 2, 2019

ငြိမ်းချမ်းရေး ဆွေးနွေးရေးလုပ်ငန်းများ စေတနာမှန်စွာ ဆောင်ရွက်မည်ဟု မြောက်ပိုင်းလေးဖွဲ့ ထုတ်ပြန် AA အပေါ်ထိုးစစ်ဆင်မှု ရပ်တန့်ရန်နှင့် တိုက်ပွဲဖြစ်ပွားမှု လျော့ကျရေး နှစ်ဖက်စလုံး ဆောင်ရွက်သင့်ဟုဆို

ငြိမ်းချမ်းရေး ဆွေးနွေးရေး လုပ်ငန်းများကို စေတနာမှန်ကန်စွာဖြင့် ဆောင်ရွက်မည်ဖြစ် ကြောင်း ကချင်လက်နက်ကိုင်အ ဖွဲ့ (KIO)၊ တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) မြောက်ပိုင်းလေးဖွဲ့က ယမန်နေ့တွင် သဘောထားထုတ်ပြန်သည်။ 
ဧပြီ ၃၀ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၌ ကျင်းပသည့် အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ဆွေးနွေးပွဲအပြီး နှစ်ရက်အကြာတွင် ယခုကဲ့သို့ သဘောထား ထုတ်ပြန်ခြင်းဖြစ်ပြီး မူဆယ်ဆွေးနွေးပွဲသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်နိုင်ရန် အရေးကြီးသော ခြေလှမ်းဖြစ်ကြောင်း ဖော်ပြ ထားသည်။ 

တပ်မတော်၏ အပစ်ရပ်ကြေညာမှု သက်တမ်းကုန်ဆုံးရက်နှင့်ပတ်သက်ပြီး မူဆယ်ဆွေးနွေးပွဲတွင် မြောက်ပိုင်းလေးဖွဲ့အနေဖြင့် အထူးတလည် ထည့်သွင်း ဆွေးနွေးတောင်းဆိုခြင်း မရှိကြောင်း၊ တပ်မတော်ထုတ်ပြန် ချက်တွင် AA အဖွဲ့ကို ချန်လှပ် ထားခြင်းမှာ မသင့်တော်ကြောင်း မြောက်ပိုင်းလေးဖွဲ့၏ ထုတ် ပြန်ချက်၌ ဖော်ပြထားသည်။ 

မူဆယ် ဆွေးနွေးပွဲအပြီး ဧပြီ၃၀ ရက် ညတွင် တပ်မတော်က တစ်ဖက်သတ် အပစ်ရပ်ကြေညာချက်ကို လာမည့်ဇွန်လ ၃၀ ရက်အထိ နှစ်လကြာ သက်တမ်းတိုးကြောင်း ထုတ်ပြန်ကြေညာခဲ့ သည်။ 

ယင်းသို့ ထုတ်ပြန်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သော KIA၊ TNLA နှင့် MNDAA တို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်သည်အထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဆွေး နွေးဆောင်ရွက်နိုင်ရေး အပစ်အခတ် ရပ်စဲရေးကာလကို ထပ်မံတိုးမြှင့်ပေးရန် တောင်းဆိုလာ ခြင်းကြောင့်ဟု ဖော်ပြခဲ့ပြီး AA အဖွဲ့ကိုမူ ချန်လှပ်ထားသည်။ 

မူဆယ်ဆွေးနွေးပွဲတွင် KIOကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် က လာမည့်ဆွေးနွေးပွဲများ အဆင်ပြေစေရန် တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်ထားရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။ သို့ရာတွင် တပ်မတော်က အပစ်ရပ် သက်တမ်းတိုးရာတွင် ယခင်အတိုင်း စစ်တိုင်းနယ်မြေ ငါးခုသာပါဝင်ပြီး တပ်မတော်နှင့် AA တို့ တိုက်ပွဲ ဖြစ်ပွားနေသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ ရခိုင်ပြည်နယ် မပါဝင် ပေ။ 

မြန်မာ့တပ်မတော်က AA အဖွဲ့ကို ဦးတည်ထိုးစစ်ဆင် တိုက်ခိုက်နေသည့် စစ်ရေးလှုပ်ရှားမှု အားလုံး ရပ်ဆိုင်းရန်နှင့် ဆွေးနွေးနေစဉ်အတွင်း တိုက်ပွဲများ လျော့ကျရန် နှစ်ဦးနှစ်ဖက်က ဆောင်ရွက်သင့်သည်ဟုလည်း မြောက်ပိုင်းလေးဖွဲ့ သဘောထားထုတ် ပြန်ချက်၌ ပါရှိသည်။ 

အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့၏ မူဆယ်ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်ရန် နှင့် ဆွေးနွေးမှုများကို မေလအတွင်း ဆက်လက် ပြုလုပ်ရန် သဘောတူညီခဲ့သည်။

7Day

No comments:

Post a Comment