Thursday, May 2, 2019

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းများကို နိုင်ငံတကာလက်ခံသည့် သတ်မှတ်စံချိန် စံညွှန်းအတွင်းသာ ဆောင်ရွက်လျက်ရှိ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းများကို နိုင်ငံတကာလက်ခံသည့် သတ်မှတ်စံချိန် စံညွှန်းအတွင်းသာ ဆောင်ရွက်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာရဲမြင့်ဆွေက မေလ ၂ ရက်တွင် ပြောကြားလိုက်သည်။ 
အမျိုးသားလွှတ်တော်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ် ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးရှိ ကျေးရွာများတွင် စီမံကိန်းမှ ထွက်ရှိလာသော အက်ဆစ်ငွေ့များ၊ ယမ်းငွေများ ကြောင့် သစ်ပင်များ၊ ထန်းဥယျာဉ်များ၊ သီးနှံများ ခြောက်သွေ့သေဆုံးခြင်း၊ မိုင်းခွဲမှု တုန်ခါအားကြောင့် မြေဆီလွှာ ပျက်စီးခြင်းနှင့် ရေဆိုးလွှတ်မှုကြောင့် လယ်ယာမြေများ ထိခိုက်ပျက်စီးမှုများအပေါ် အမြန်ဆုံး တားဆီးအရေးယူပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့မှုအား ပြန်လည်ဖြေကြားရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ 
လက်ပံတောင်းတောင်စီမံကိန်းသည် ဟင်းလင်းဖွင့် (Open Pit) မိုင်းအမျိုးအစား ဖြစ်ပြီး သတ္တုရိုင်းတူးဖော်ရာတွင် ယမ်းဖောက်ခွဲမှု အစီအစဉ်များကို အနီးပတ်ဝန်းကျင်ရှိ ပြည်သူများ အန္တရာယ် ကင်းရှင်းစေရန် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ လစဉ်တင်ပြခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး မှလည်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသို့ စာဖြင့် ထပ်ဆင့်အကြောင်းကြားစေပြီး အသိပေးဆောင်ရွက် လျက်ရှိကြောင်း၊ ယမ်းဖောက်ခွဲရာတွင်လည်း အချိန်ဇယားအတိုင်း တိကျစွာ တစ်နေ့လျှင် တစ်ကြိမ်သာ ဖောက်ခွဲခြင်း၊ ယမ်းမဖောက်ခွဲမီ (၁၅)မိနစ်၊ ယမ်းဖောက်ခွဲခါ နီးနှင့် ယမ်းဖောက်ခွဲပြီးဆုံးချိန်တို့တွင် ဥသြဆွဲသတိပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ပြီး ယမ်းဖောက်ခွဲခြင်းမှ ဖြစ်ပေါ်လာသည့် ဖုန်မှုန့်ပျံ့လွင့်မှု၊ ဆူညံမှု ၊ တုန်ခါမှုများကို လည်း World Bank Standard သတ်မှတ်ချက် စံချိန်စံညွန်းနှင့်အညီ အမြဲမပြတ် စောင့်ကြည့်တိုင်းတာစစ်ဆေးလျက်ရှိရာ နိုင်ငံတကာလက်ခံသည့် သတ်မှတ်စံချိန် စံညွှန်းအတွင်းသာ ဆောင်ရွက်လျက်ရှိကြောင်း ဒေါက်တာရဲမြင့်ဆွေက ပြောသည်။ 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းများ လည်ပတ်ဆောင် ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေ ရန် ရည်ရွယ်၍ စီမံကိန်း ဧရိယာပြင်ပသို့ အရည်၊ အငွေ့၊ အစိုင်အခဲ စသည်တို့ကို စွန့်ထုတ်မှု မရှိသော Zero Discharge ဖြစ်စေရေးအတွက် တူးဖော်ခြင်း၊ ကြိတ်ခွဲခြင်း၊ Leach Pad ခင်းကျင်းစုပုံခြင်း၊ ဆာလ်ဖျူရစ်အက်ဆစ်ပျော့အရည်ဖျန်းပြီး Copper Sulphate Solution ထုတ် လုပ်ခြင်းနှင့် Electro Winning စနစ်ဖြင့် ကက်သုတ်ကြေးပြားထုတ်လုပ်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့် ကို စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။ 
ဒုတ္ထာရည်သိုလှောင်ကန်များကိုလည်း ဒေသရှိနှစ်တစ်ရာအတွင်း အမြင့်ဆုံး မိုးရေချိန်၊ မြစ်ရေကြီးမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များအပေါ် အခြေခံ၍ တည်ဆောက်ထားပြီး မြေသားအတွင်းသို့ ဒုတ္ထာရည်များ စိမ့်ဝင်မှုမရှိစေရန် သိပ်သည်း ကျစ်လစ်သည့် ပေါ်လီအက်သလင်း ပလတ်စတစ်အထူပြားများကို သိုလှောင်ကန်၏ အောက်ခြေကြမ်းပြင်နှင့် ဘေးပတ်လည်နံရံများတွင် လည်းကောင်း၊ သတ္တုရိုင်းအပုံ Leach Pad များ၏ အောက်ခြေတွင်လည်းကောင်း ခင်ကျင်းတည်ဆောက်ထား ကြောင်း၊ ကြေးနီထုတ် လုပ်မှုနည်းစဉ် အဆင့်ဆင့်ကိုလည်း နိုင်ငံတကာဥပဒေများနှင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက် လျက်ရှိခြင်းနှင့် ကတိက၀တ်ပါ ပတ်ဝန်းကျင် အရည်အသွေးဆိုင်ရာ စောင့်ကြည့်တိုင်းတာမှုကို လိုက်နာ ဆောင်ရွက်ရေး စောင့်ကြည့် ကြပ်မတ်ကြည့်ရှုဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ အကျိုးစီးပွား၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသခံပြည်သူလူထု လူနေမှုအဆင့် အတန်း ပိုမိုမြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ၀န်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြန်လည်ဖြေကြားခဲ့သည်။ 

The Ladies News

No comments:

Post a Comment