Thursday, May 2, 2019

တပ်မတော်၏ အပစ်ရပ် သက်တမ်းတိုးမှုအပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ကြိုဆိုကြောင်း ထုတ်ပြန်

တပ်မတော်အနေနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို လာမည့် ဇွန် ၃၀ ရက်အထိ ၂ လသက်တမ်း ထပ်မံတိုးမြှင့်ပေးလိုက်သည့်အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးက ကြိုဆိုကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြသည်။ 
တပ်မတော်၏ စစ်တိုင်း ၅ ခုတွင် လေးလတာ အပစ်အခတ်ရပ်စဲရေး ကြေညာထားမှုသည် ဧပြီလ ၃၀ ရက်နေ့က သက်တမ်းကုန်ဆုံးခဲ့ခြင်းဖြစ်ပြီး လာမည့် ဇွန်လ ၃၀ရက်နေ့ထိ သက်တမ်း ၂လ ထပ်မံတိုးမြှင့်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အပစ်ရပ်မထိုးရသေးသည့် မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့နှင့် အစိုးရ NRPC တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် ယင်းသို့ သက်တမ်းတိုးသည့် ကြေညာချက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ 

ယင်းသို့ သက်တမ်းတိုးမြှင့်ပေးခဲ့သည့်အပေါ် အပစ်ရပ်လက်မှတ်ထိုးထားသည့်အဖွဲ့များ၊ အခြားအဖွဲ့များက ကြိုဆိုကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြပြီး ငြိမ်းချမ်းရေးအတွက် အပေါင်းလက္ခဏာဆောင်သည့် သဘောထားဟု သုံးသပ်မှုများရှိခဲ့သည်။ 

အပစ်ရပ် လက်မှတ်ထိုးထားသည့် အဖွဲ့များဖြစ်ကြသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စသည့် လက်နက်ကိုင်အဖွဲ့များက ကြိုဆိုကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။ 

တပ်မတော်အနေနှင့် အပစ်ရပ် နယ်မြေများအဖြစ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ တြိဂံတိုင်းစစ်ဌာနချုပ်နယ်မြေ စသည့် စစ်တိုင်း ၅ ခုကို လွှမ်းခြုံကာ ကြေညာထားခြင်းဖြစ်သည်။ 

လတ်တလော ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် စစ်ဒေသကိုမူ ယင်းအပစ်ရပ်ကြေညာချက်တွင် ထည့်သွင်းခဲ့ခြင်းမရှိဘဲ နောက်ထပ်သက်တမ်းတိုးမှုတွင်လည်း ရခိုင်ပြည်နယ် ပါဝင်လာခြင်း မရှိပေ။ 

ကေအိုင်အေ အပါအဝင် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ် ကြေညာထားသည့်ကာလများအတွင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားရန် လိုအပ်ပြီး အပစ်ရပ်ကာလကိုလည်း ပိုမိုကြာမြင့်စွာ ထိန်းထားနိုင်ရန် လိုအပ်ကြောင်း တိုင်းရင်းသားအရေး သုတေသီတစ်ဦးဖြစ်သူ စိုင်းဇေယျာဦးက မှတ်ချက်ပြု ပြောဆိုသည်။ 

“တစ်သက်လုံးဖြစ်လာတဲ့ တိုက်ပွဲတွေကို ၂ လထဲနဲ့တော့ ပြောင်းလဲလိုက်လို့တော့ မရဘူးပေါ့။ အပစ်ရပ်ကာလကို ကြာကြာထိန်းထားနိုင်ရင် သဘောတူ စာချုပ်တွေချုပ်ဖို့ ဆွေးနွေးဖို့ အလားအလာကောင်းတာပေါ့”ဟု ၎င်းက ဆိုသည်။ 

လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ်ကို KNU၊ RCSS တို့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က လက်မှတ်ထိုးထားပြီး ကျန်သည့် ကေအိုင်အေ၊ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များနှင့် “ဝ”၊ မိုင်းလား၊ ကရင်နီ လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ရေးထိုးရခြင်း မရှိသေးပေ။

The Voice

No comments:

Post a Comment