Tuesday, May 28, 2019

၂၀၁၉ ဥရောပပါလီမန် ရွေးကောက်ပွဲများတွင် အင်အားကြီးအုပ်စုများ ခြေကုပ်ဆုံးရှုံး


၂၀၁၉ ဥရောပပါလီမန် ရွေးကောက်ပွဲများတွင် လစ်ဘရယ်များ၊ ဂရင်းများနှင့် အမျိုးသားရေးဝါဒီများထောက်ခံမှု ပိုမိုရရှိလာမှုနှင့်အတူ လက်ယာယိမ်းနှင့် လက်ဝဲယိမ်းအုပ်စုကြီးများ၏ အများစုခြေကုပ်ယူထားမှုများ ဆုံးရှုံးသွားကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။ 
လက်ယာယိမ်းဥရောပပြည်သူ့ပါတီ EPP သည် အကြီးဆုံးအစုအဖြစ် ကျန်ရှိကာ အီးယူဇုန်လိုလားသော မဟာမိတ်အစုကို ဖွဲ့စည်းမည်ဟု မျှော်လင့်ရသည်။ 
လစ်ဘရယ်နှင့် ဂရင်းများအတွက် အမောပြေသောညဖြစ်ခဲ့ပြီး အမျိုးသားရေးဝါဒီများကလည်း အီတလီနှင့် ပြင်သစ်တွင် အောင်ပွဲခံခဲ့ကြသည်။ လူပြိန်းကြိုက်ပါတီများသည် နိုင်ငံအချို့တွင် ခြေကုပ်ရခဲ့သော်လည်း မှန်းထားသလောက် မပေါက်ခဲ့ကြပေ။ 
မဲပေးသူ ရာခိုင်နှုန်းသည် နှစ် ၂၀ အတွင်း အမြင့်ဆုံးဖြစ်ခဲ့ပြီး ဥရောပ ၂၈ နိုင်ငံတွင် ၅၁ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့ကြရာ နှစ်ပေါင်းများစွာ စိတ်ဝင်စားမှု လျော့ကျနေရာမှ ပြန်ခုန်တက်လာခဲ့သည်။ 
ယူကေတွင် ပါတီသစ် ဘရိတ်ဇစ်နှင့် လစ်ဘရယ်ဒီမိုကရက်များအောင်ပွဲရခဲ့ပြီး ကွန်ဆာဗေးတစ်နှင့် လေဘာတို့ နေရာအမြောက်အမြား ဆုံးရှုံးသွားခဲ့သည်။ 
လက်ယာယိမ်း ဥရောပပြည်သူ့ပါတီ EPP သည် လစ်ဘရယ်များ၊ ဂရင်းများ၏ ပံ့ပိုးမှုနှင့်အတူဆိုရှယ်လစ်များ၊ ဒီမိုကရက်များနှင့် အကြီးစားညွှန့်ပေါင်းမဟာမိတ် အစုဖွဲ့နိုင်ခြေရှိသည်ဟု အကဲခတ်များက မှတ်ချက်ပေးသည်။ 
ဥရောပပါလီမန်သည် အီးယူ၏ ဥပဒေပြုမှု ကဏ္ဍကို ကူညီပေးရပြီး ယခုရလဒ်များက ဥရောပကော်မရှင်တွင် အဓိက နေရာများအား မည်သူရရှိမည်ဆိုသည့် ကိစ္စတွင် ပါဝင်အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ 
လက်ရှိရလဒ်များအရ ယခင်က လွှမ်းမိုးထားသော EPP သည် ဆိုရှယ်လစ်များ၊ ဒီမိုကရက်များနှင့် လက်တွဲရုံဖြင့် ညွှန့်ပေါင်းအစု မဖြစ်နိုင်တော့ဘဲ လစ်ဘရယ်နှင့် ဂရင်းများ၏ အကူအညီကို လိုအပ်မည်ဖြစ်သည်။ 
EPP သည် ဥရောပပါလီမန်တွင် ၁၇၉ နေရာ အနိုင်ရကာ ၂၀၁၄ ခုနှစ်က ၂၁၆ နေရာ ရရှိထားရာမှ ကျဆင်းသွားခြင်းဖြစ်သည်။ ဆိုရှယ်လစ်များနှင့် ဒီမိုကရက်များသည် ၁၉၁ နေရာရရှိထား ရာမှ ၁၅၀ သို့ လျော့ကျသွားသည်။ ဂရင်းများက နေရာ ၅၀ ရရှိထားရာမှ ၆၇ နေရာသို့ တက်လာခဲ့သည်။ 
အီးယူလိုလားသောပါတီများသည် နေရာအများစု ထိန်းထားဦးမည်ဟု မျှော်လင့်ရသော်လည်း အဓိကအားဖြင့် မက်ခရွန်၏ ပါတီပါဝင်သည့် လစ်ဘရယ် ALDE အစုကြောင့်ဖြစ်သည်။ မက်ခရွန်၏ ရီနေးဆင့်အုပ်စုမှာမူ မာရင်းလီပန်၏ လက်ယာစွန်းနေရှယ်နယ်ပါတီကို အရေးနိမ့်ခဲ့သည်။ 
ALDE အစုခေါင်းဆောင် ဂိုင်းဖာရိုစတတ်က “ဂန္ထဝင်ပါတီအစုတွေဖြစ်တဲ့ ဆိုရှယ်လစ်နဲ့ ကွန်ဆာဗေးတစ်တွေဟာ နှစ်ပေါင်းလေးဆယ်အတွင်း ပထမဆုံး အကြိမ်အနေနဲ့ အများစုနေရာကို မရနိုင်တော့ပါဘူး”ဟု ပြောကြားသည်။ 
“ဒီညက သမိုင်းဝင်တဲ့ ညပါပဲ။ ဥရောပပါလီမန်မှာ အာဏာချိန်ခွင်လျှာ အသစ်ထွက်ပေါ်လာခဲ့တယ်”ဟု ၎င်းက ဆိုသည်။ 
အီတလီ၊ ပြင်သစ်နှင့် နိုင်ငံအချို့တွင် လက်ယာစွန်းအမျိုးသားရေးဝါဒီများ နေရာရရှိလာမှုသည် ဥရောပသမဂ္ဂ၏ အာဏာကို ကန့်သတ်လိုသော အီးယူမလိုလားသူများအတွက် ပြောရေးဆိုခွင့် ပိုမိုရရှိလာခြင်းဖြစ်သည်။ လက်ယာစွန်း ၁၂ ပါတီခန့်နှင့် မဟာမိတ်ဖွဲ့ထားသောအီတလီမှ ဝန်ကြီးချုပ် မတ်တီယိုဆယ်လ်ဗီနီ၏ လိခ်ပါတီသည် ထောက်ခံမဲ ၃၀ ရာခိုင်နှုန်း ရရှိခဲ့သည်။ 
ဥရောပပါလီမန်သည် ဥရောပ ၂၈ နိုင်ငံမှ မဲဆန္ဒရှင်များက တိုက်ရိုက်ရွေးချယ် တင်မြှောက်သော အမတ် ၇၅၁ နေရာဖြင့် ဖွဲ့စည်းထားပြီး ရွေးကောက်ပွဲများကို ငါးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည်။ ပါလီမန်တွင် နိုင်ငံရေးအယူအဆမတူညီမှုအပေါ် အခြေပြုသော လက်ယာ၊ လက်ဝဲ၊ ဆိုရှယ်လစ်၊ လစ်ဘရယ်နှင့် အမျိုးသားရေးအပါအဝင် အစုရှစ်စု ပါဝင်ဖွဲ့စည်းထားသည်။ 

The Voice

0 comments:

Post a Comment