ဟိန္ဒားသတ္တုတွင်းတွင် ထုတ်လုပ်ခွင့်ပြုထားသည့် မြန်မာပွန်ပီပက်ကုမ္ပဏီ၏ ထုတ်လုပ်ခွင့်သက်တမ်း ကုန်ဆုံးပါက ထပ်မံသက်တမ်းတိုးပေးခြင်းကို ရပ်နားထားရန် ဒေသခံများက တောင်းဆိုလိုက်သည်။
သတ္တုတွင်း တစ်ဝိုက်တွင်နေထိုင်သည့် ရွာ ၃ ရွာမှ ဒေသခံ ၈၀ ကျော်က စုပေါင်း လက်မှတ်ရေးထိုးကာ ပြည်ထောင်စု သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးထံ မေလ ၂၀ ရက်တွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာပွန်ပီပက်ကုမ္ပဏီ၏ ထုတ်လုပ်ခွင့်သက်တမ်းမှာ လာမည့် ဇွန်လ ၃၀ ရက်တွင် ကုန်ဆုံးတော့မည်ဖြစ်သည်။
မြန်မာပွန်ပီပက်ကုမ္ပဏီ (MPC) က သတ္တုထုတ်လုပ်ခဲ့သည့် ကာလတစ်လျှောက်အတွင်း စည်းကမ်းမဲ့ သတ္တုထုတ်လုပ်မှုများကြောင့် လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်များ၊ ချောင်းများ၊ ဒေသခံတို့၏ အိမ်မြေ၊ သောက်သုံးရေတွင်းများ၊ လယ်ယာ၊ ဥယျာဉ်ခြံမြေများ ပျက်စီးခဲ့ရပြီး ကုမ္ပဏီနှင့် ရွာသားများအကြား တရားစွဲဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။
ယခုတောင်းဆိုမှုမှာ ဒေသခံများ၏ နစ်နာဆုံးရှုံးမှုများအတွက် ပြန်လည်ကုစားနိုင်ရေး၊ ပျက်စီးသွားသော ချောင်းများအား မူလအနေအထားနီးပါး ပြန်လည်ပြုပြင်ပေးရေး၊ ရေတွင်းများ ပျက်စီးသွားသော မြောင်းပြိုရွာအတွက် သောက်သုံး ရေရရှိရေးတို့ကို ကုမ္ပဏီဘက်က ဒေသခံများနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးရန်တို့ကို ဆောင်ရွက်ပေးခြင်းမရှိသရွေ့ သက်တမ်းတိုးပေးခြင်းမပြုရန် တောင်းဆိုကြခြင်းဖြစ်သည်။
ထို့ပြင် နုန်းစစ်ကန်များ ပြုပြင်ဆောင်ရွက်ရန်၊ သတ္တုတွင်း နည်းဥပဒေအရ သတ္တုတူးဖော်ပြီးသောနေရာများအား မြေဖို့ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း အမြန်ဆုံးပြုလုပ်ရန်နှင့် သတ္တုတွင်း အလုပ်သမားများအား အလုပ်သမားအခွင့်အရေး အပြည့်အဝပေးရန် တောင်းဆိုကြသည်။
ပြဿနာ အရင်းအမြစ်များကို မဖြေရှင်းဘဲ သက်တမ်း ထပ်တိုးပေးမည်ဆိုပါက ဒေသခံများအနေနှင့် နစ်နာပြီးရင်း နစ်နာနေကြရတော့မည်ဟု ဦးဆောင် တောင်းဆိုသူတစ်ဦးလည်းဖြစ်၊ ဟိန္ဒား သတ္တုလုပ်ကွက် စောင့်ကြည့်ရေးအဖွဲ့ဝင်လည်းဖြစ်သည့် မြောင်းပြိုရွာသား ဦးရဲအောင်က ပြောသည်။
“ကျန်တဲ့ ကုမ္ပဏီတွေကလည်း ဒီကုမ္ပဏီကို အတုခိုးပြီး လိုက်လုပ်လာနိုင်တဲ့ အနေအထားမျိုး ဖန်တီးပေးနေသလို ဖြစ်နေလိမ့်မယ်”ဟု ဦးရဲအောင်က ပြောသည်။
တနင်္သာရီတိုင်းအစိုးရအဖွဲ့ကမူ ဟိန္ဒားသတ္တုလုပ်ကွက်တွင် သက်တမ်းကုန်ဆုံးပါက မြန်မာပွန်ပီပက်ကုမ္ပဏီ၏ ထုတ်လုပ်ခွင့် သက်တမ်းကုန်ဆုံးပါက တင်ဒါစနစ်ဖြင့်သာ ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့သို့ သဘောထား မှတ်ချက်ပေးထားသည်။
ကုမ္ပဏီဘက်မှ ပြည်ထောင်စု အစိုးရထံ နောက်ထပ်ထုတ်လုပ်ခွင့် ချထားပေးရန် တင်ပြခဲ့ရာ ပြည်ထောင်စုမှ တိုင်းအစိုးရအဖွဲ့ထံ သဘောထားမှတ်ချက် တောင်းခံသဖြင့် ၂၀၁၈ စက်တင်ဘာလက အထက်ပါအတိုင်း သဘောထားမှတ်ချက်ပြုခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးမြင့်မောင်က သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး တာဝန်ထမ်းဆောင်စဉ်က ပြောဆိုခဲ့ဖူးသည်။
ဟိန္ဒားသတ္တုတွင်း၏ မြေပြင်အနေအထားအရ မြန်မာပွန်ပီပက်ကုမ္ပဏီမှ မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ဆောင်ခြင်း မရှိသည်ကို တွေ့ရသဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်သည့်ကုမ္ပဏီများကို တင်ဒါစနစ်ဖြင့် ယှဉ်ပြိုင်နိုင်စေရန် ယင်းသို့ သဘောထားမှတ်ချက်ပြုခဲ့ခြင်းဖြစ်ကြောင်း ဦးမြင့်မောင်က ပြောခဲ့သည်။
ဥပဒေအရ ဓာတ်သတ္တု အကြီးစား ထုတ်လုပ်ခွင့်ကို ပြည်ထောင်စုက ချထားပေးခြင်းဖြစ်သည်။
လက်ရှိ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးအား ယခုနှစ် ဧပြီလက ဟိန္ဒားသတ္တုတွင်းကိစ္စအကြောင်း ထူး/မထူး မေးမြန်းရာ တစ်စုံတစ်ရာ အကြောင်းမထူးကြောင်း ဖြေဆိုခဲ့သည်။
မြန်မာပွန်ပီပက်ကုမ္ပဏီက ဟိန္ဒားသတ္တုလုပ်ကွက်ဧရိယာ ၂၁၀၅ ဒသမ ၆၀ ဧကတွင် ထုတ်လုပ်ခွင့်ကို ၁၉၉၉ ခုနှစ်မှ ၂၀၁၄ အထိ ၁၅ နှစ်တိတိလည်းကောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ဇွန်လကုန်အထိ ၅ နှစ်တိတိလည်းကောင်း ထုတ်လုပ်ခွင့် ရရှိထားပြီး စည်းကမ်းပျက် သတ္တုထုတ်မှုကြောင့် ယခုအစိုးရလက်ထက်တွင် သတ္တုထုတ်ခွင့် မကြာခဏ ရပ်ဆိုင်းခံခဲ့ရသည်။
Dawei Watch
The Voice






0 comments:
Post a Comment