Tuesday, May 28, 2019

ကာစီနိုဥပဒေ နည်းဥပဒေမထွက်ပေါ်သေးသော်လည်း ရင်းနှီးမြှုပ်နှံလိုသူများမှ လာရောက်စုံစမ်းမှုရှိ


ခရီးသွားကဏ္ဍမြှင့်တင်ရန် ကာစီနိုဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေ ဆက်လက်ရေးဆွဲနေချိန် အတွင်းမှာပင် ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံလိုသူများမှ လာရောက်စုံစမ်းမှုများရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ 
လက်ရှိတွင် ပြည်ထဲရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနတို့ပူးပေါင်း၍ ညွှန် ကြားချက်များ၊ နည်းဥပဒေများ အမြန်ဆုံး ထွက်ပေါ်လာရန် ရေးဆွဲလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်ဝင်းထွန်းက ပြောကြားသည်။ 
''လောလောဆယ်တော့ လာပြီးလျှောက်ထားတာမရှိသေးပါဘူး။ ရင်းနှီးမြှုပ်နှံမယ့်သူတွေက စုံစမ်းတဲ့အဆင့်ပဲရှိ သေးတယ်။ ကာစီနိုဥပဒေထွက်တယ်ဆိုပေမဲ့ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ လိုသေးတယ်။ ပြည်ထဲရေးနဲ့ညှိရဦးမယ်။ ဒါတွေက မပြီးသေးဘူးပေါ့''ဟု ၎င်းက ဆိုသည်။ 
၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် ကာစီနိုရုံများဖွင့်လှစ်နိုင်ရန် လောင်းကစားဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပေးလိုက်ပြီး၊ အဆိုပါ ဥပဒေသည် ၁၉၈၆ ခုနှစ်တွင် ပြဋ္ဌာန်းထား သည့်လောင်းကစားဥပဒေကို ပြန်လည်ပြင်ဆင်ပေးခြင်းဖြစ်ကာ ပြစ်ဒဏ်များကိုလည်း ခေတ်စနစ်နှင့်အညီ ဆောင်ရွက်ထားကြောင်း သိရသည်။ 
''တချို့လုပ်ကိုင်ချင်တဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေလည်းရှိမှာပေါ့။ နယ်စပ်မှာလုပ်နေတဲ့သူတွေ၊ မူဆယ်တို့၊ တာချီလိတ်တို့ ဒါတွေလည်း နောက်ပိုင်းနည်းဥပဒေထွက်ပြီးသွားရင်တော့ သူတို့လည်းလာ လျှောက်ချင် လျှောက်ကြမှာပါ။ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်ကတော့ လာပြီးဆွေးနွေးထားတာရှိတယ်။ အဲဒီတုန်းက တော့ ဥပဒေအတည်မပြုသေးလို့ ခွင့်မပြုခဲ့ဘူး။ အခြေအနေအရ နည်းဥပဒေ မထုတ်သေးရင်လည်း အမိန့်ပြန်စာမျိုးထုတ်လိမ့်မယ်။ အဲဒီကျမှ ဘယ်လိုမျိုး အချက်တွေထည့်သွင်းရမယ်ဆိုတာ မှတ်ချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေထွက်လာမှ ရင်းနှီးမြှုပ်နှံချင်သူတွေအတွက် အဆင်ပြေပါလိမ့်မယ်''ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်ဝင်းထွန်းက ရှင်းပြသည်။ 
နိုင်ငံ့ဝင်ငွေပိုမိုရရှိစေနိုင်သည့် ခရီးသွားလုပ်ငန်းနှင့် ဆက်နွှယ်လျက်ရှိသော ကာစီနိုဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ မေလ ၇ ရက်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ကာစီနိုလုပ်ငန်းများသည် ကမ္ဘာတဝန်းတွင် ကျယ်ကျယ်ပြန့်လုပ်ကိုင်ကာ ခရီးသွားဧည့်သည်များကို ဆွဲဆောင်ထားနိုင်သဖြင့် မြန်မာနိုင်ငံတွင်လည်း ကာစီနိုလုပ်ငန်းကို တရားဝင်ခွင့်ပြုပါက နိုင်ငံခြားဝင်ငွေရရှိမည့်အပြင် ခရီးသွားကဏ္ဍပါဖွံ့ဖြိုးတိုးတက် မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်းက ပြောသည်။ 
''အမြန်ဆုံး နည်းဥပဒေထွက်လာ ဖို့တော့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေကလည်း လိုလို့တင်တာဗျ။ အဲလို ဥပဒေကြမ်းတင်နေတဲ့ကြားမှာကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက နည်းဥပဒေရေးဆွဲပြီး ရှေ့နေချုပ်ရုံးကိုတောင်ပေးပို့ပြီး သူတို့နည်းဥပဒေနဲ့ ဥပဒေကြမ်းနဲ့က ရှေ့နောက်လိုက်၊ မလိုက်မျှော်မှန်းပြီး ကြိုလုပ်ထားတဲ့သဘောမျိုးရှိနေပါတယ်''ဟု ၎င်းကဆိုသည်။ 
ဥပဒေကြမ်းပါ အချက်အလက်များအရ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်နှင့် နိုင်ငံခြားသားများအတွက် ကာစီနိုလောင်း ကစားဝိုင်းများ ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ပြီး ကာစီနိုလောင်းကစားဝိုင်းများတွင် နိုင်ငံခြားသားမှအပ မြန်မာနိုင်ငံသားများကို ဝင်ရောက်လောင်းကစားခွင့် ပေးမထားကြောင်း ပါရှိသည်။ 
ဥပဒေထဲတွင် ပြည်တွင်းလောင်း ကစားဝိုင်းများ၏ စောင့်ကြည့်ထိန်းချုပ်မှုများကိုပါ ခေတ်နှင့်အညီရေးဆွဲထားပြီး ဥပဒေပါတားမြစ်ချက်များကို လိုက်နာမှု မရှိပါက ထောင်ဒဏ်သုံးနှစ်အထိ ချမှတ် နိုင်သည့်အပြင် ကျပ် ၁ဝ သိန်းအထိ ငွေဒဏ်ဆောင်ရသည့်ပြစ်ဒဏ်များလည်း ပါဝင်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအဖွဲ့ဝင် ဦးနေမျိုးထွန်းက ပြောသည်။ 
ကျော်သူ 
News Watch 

0 comments:

Post a Comment