အစိုဓာတ်များပြီး သတ်မှတ်စံနှုန်းမပြည့်မီသောစပါးများကို ကားလမ်းမပေါ် အရောက်ပို့ပေးပါက စပါးတင်းတစ်ရာလျှင် ကျပ်လေးသိန်းလေးသောင်းဈေးဖြင့် ဝယ်ယူပေးမည်ဖြစ်ကြောင်း မေ၂၇ ရက်က ကုန် သည်စက်မှုအသင်းချုပ် (UMFCCI) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအခမ်းအနားတွင်မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။
“စပါးဝယ်သူမရှိဘူး။ တောင်သူတွေက ရောင်းချင်တယ်ဆိုရင် လေးသိန်းလေးသောင်းဈေးနဲ့ ကားလမ်းလေးကိုပို့ပေး။ ကျွန်တော်တို့ဝယ်ပေးမယ်”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌဦးအောင်သန်းဦးက ပြောကြားသည်။
နိုင်ငံတော်အစိုးရ သက်ဆိုင်ရာဝန်ကြီး ဌာန မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းကာ တွက်ချက်ပြီး တင်းတစ်ရာလျှင် အလေးချိန် ၄၆ ပေါင်နှင့် အစိုဓာတ် ၁၄ ရာခိုင်နှုန်းသာပါရှိသော စပါးတင်းတစ်ရာကို အခြေခံဈေးနှုန်း ကျပ်ငါးသိန်း သတ်မှတ်ထားသည်။
သို့သော်လက်ရှိတွင် ခြွေရိတ်စက်များ ဖြင့်ရိတ်သိမ်းကာ တိုက်ရိုက်ရောင်းချနေသဖြင့် စပါးများသည် အစိုဓာတ် ၂၄ ရာခိုင်နှုန်းအထိပါဝင်နေသည်ဟု သိရသည်။ ထို့ကြောင့် သတ်မှတ်ထားသော အခြေခံဈေးနှုန်းထက် လျော့ကျနေခြင်း ဖြစ်သည်။
လက်ရှိအစိုဓာတ်၂၄ ရာခိုင်နှုန်းပါဝင်သောစပါးများကို အခြောက်ခံမည်ဆိုပါက ကုန်ကျစရိတ် ကျပ်ငါးသောင်းအထိ ကုန်ကျမည့်အပြင် အခြောက်ခံပြီးပါက စပါး ၁၄ တင်းခန့် လျော့ကျကြောင်း ဦးအောင်သန်းဦးက ပြောကြားသည်။
ထို့ပြင်အစိုဓာတ်ပါသော စပါးများကို အခြောက်ခံမည်ဆိုပါက စပါးတင်း ၄၀၀ကျော်အထိ အခြောက်ခံနိုင်သည့် စပါးပေါင်းခံစက်ဖြင့် အခြောက်ခံမည်ဆိုပါက အချိန်ရှစ်နာရီကြာမြင့်ကြောင်း၊ လက်ရှိတွင် လျှပ်စစ်မီးမမှန်ခြင်းကလည်း ဆန်စက်များအတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။
“အခြောက်ခံစက်ဆိုတာ ဒီအတိုင်း မရဘူး။ လျှပ်စစ်မီးရှိဖို့လိုတယ်။ လျှပ်စစ်မီးဆိုတာကလည်း စပါးတခါအခြောက်ခံရင် ရှစ်နာရီကြာတယ်။ မီးပုံမှန်လာမှ။ မီးပျက်ရင် မီးစက်နဲ့လုပ်ရတယ်”ဟု ၎င်းကဆက် လက်ပြောကြားသည်။
လက်ရှိတွင် ဈေးနှုန်းကျဆင်းနေသော စပါးအမျိုးအစားမှာ ပြည်ပဈေးကွက်သို့ တင်ပို့နေသည့် ဆန်ကြမ်းအမျိုးအစားများဖြစ်ပြီး ပြည်တွင်းစားသုံးသည့်ဆန်အမျိုးအစားမှာ အခြေခံဈေးနှုန်းအထက်တွင်သာရှိကြောင်း ဦးအောင်သန်းဦးက ဆိုသည်။
ပြည်ပဈေးကွက်သို့ တင်ပို့နေသည့် ဆန်စပါးအမျိုးအစားများဈေးနှုန်း ကျဆင်းနေခြင်းမှာ အဓိကဝယ်လက်ဖြစ်သည့် တရုတ်ဈေးကွက်မှ ဝယ်ယူမှုရာခိုင်နှုန်း ၈၀ ခန့်အထိ လျော့ကျခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါဈေးကွက်သို့ တင်ပို့ရန် စိုက်ပျိုးခဲ့သည့် ဆန်အမျိုးအစားများသာ ဈေးနှုန်းကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။
Eleven Media Group







0 comments:
Post a Comment