Tuesday, May 28, 2019

လပွတ္တာမြို့တွင် ဆရာဆရာမများက ပညာရေးဌာန လိုအပ်ချက်များအား ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့မှုအပေါ် အထင်အမြင် လွဲမှား ဝေဖန်နေမှုများနှင့် ပတ်သက်၍ ပညာရေးမိသားစုများ ကြေညာချက် ထုတ်ပြန်


တိုင်ကြားသူ မသိရှိရသည့် ပစ်စာများအား အရေးယူမှု မရှိစေရေး၊ အစိုးရဘဏ္ဍာငွေ မလုံလောက်ပါက ပညာရေး လုပ်ငန်းများ ရပ်ဆိုင်းထားရှိရေးအတွက် လပွတ္တာမြို့တွင် မေ ၂၂ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ဆရာ ဆရာမများအား အင်တာနက် စာမျက်နှာများပေါ်တွင် အထင်မြင်လွဲမှား ဝေဖန်နေမှုများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့သူ ပညာရေး မိသားစုများမှ အထင်အမြင် လွဲမှားနေမှုများအား ရှင်းလင်း ကြေညာချက် တစ်စောင်အား ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။ 
ပစ်စာ တိုင်ကြားသူ လိပ်စာမပါရှိလျှင် ဌာနဆိုင်ရာ အရေးယူမှု မပြုရေး၊ ပစ်စာ တိုင်ကြားသူအား သက်သေအဖြစ် ထည့်သွင်း စစ်ဆေးပေးရေး၊ အစိုးရဘဏ္ဍာငွေ မလုံလောက်ပါက ပညာရေး လုပ်ငန်းများ ချက်ချင်း ရပ်ဆိုင်းထားရေး၊ ပင်စင်စား ထောက်ပံ့ကြေး ကောက်ခံမှုအား ဌာနဆိုင်ရာ အရေးယူမှု မပြုရေး စသည့် အချက် ငါးချက်အား တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ဆရာ ဆရာမများအား ဆရာ ဆရာမ အတုများသာ ဖြစ်ကြောင်း၊ ပါတီတစ်ခုခု အဖွဲ့အစည်းတစ်ခုခု၏ ထောက်ပံ့မှုဖြင့် လုပ်ဆောင် နေသူများ ဖြစ်ကြောင်းအပြင် အစိုးရဘဏ္ဍာငွေ မလုံလောက်ပါက ပညာရေး လုပ်ငန်းများ ချက်ချင်း ရပ်ဆိုင်းထားရေးဟု ဆိုသော တောင်းဆိုချက်အပေါ် အထင်မြင် လွဲမှားကာ ဝေဖန် အပုတ်ချ တိုက်ခိုက်နေမှုများနှင့် ပတ်သက်၍ ပညာရေးဝန်ထမ်းများ ဆန္ဒထုတ်ဖော်မှုသည် နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ အခြားမည်သည့် အဖွဲ့အစည်းများ၏ စေခိုင်းချက်အရ ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ မိမိတို့ ဆန္ဒအရ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆန္ဒထုတ်ဖော်ရခြင်း ရည်ရွယ်ချက်အား မီဒီယာများမှ တစ်ဆင့် ရှင်းလင်း ဖြေကြားထားပြီး ဖြစ်ပြီး ပညာရေး ဝန်ထမ်း အချင်းချင်း ပူးပေါင်း ဆောင်ရွက် ဖြည့်ဆည်းသော ငွေကြေးမှအပ အခြားသော ပါတီ အဖွဲ့အစည်းများထံမှ ငွေကြေးနှင့် အထောက်အပံ့အား ရယူခဲ့ခြင်း မရှိကြောင်း၊ ပညာရေး ဝန်ထမ်းများ၏ နေ့စဉ် ကြုံတွေ့နေရသော အခက်အခဲများအား ဆန္ဒထုတ်ဖော်ခဲ့ခြင်းသာဖြစ်ပြီး အခြားသော အဖွဲ့အစည်း လူပုဂ္ဂိုလ်များ၏ သြဇာသက်ရောက်မှု မရှိဘဲ သြဇာခံ အသုံးချခံအဖြစ် ဆောင်ရွက်လာပါကလည်း လက်ခံမည် မဟုတ်ကြောင်း၊ လူမှုကွန်ရက် စာမျက်နှာများပေါ်ွတင် မိမိတို့လိုရာ ဆွဲ၍ ကောက်ချက်ချ ပြောဆိုမှု ရေးသားခြင်းများ ရှိနေသည့်အတွက် အဆိုပါ စွပ်စွဲချက်များအား လုံးဝ လက်မခံနိုင်ကြောင်း အချက်များ ပါဝင်သည့် ကြေညာချက် တစ်စောင်အား လပွတ္တာမြို့နယ် ပညာရေး မိသားစုများမှ ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။ 

“အခုလက်ရှိ Facebook ပေါ်မှာလည်း ဝေဖန်နေတဲ့ ကိစ္စတွေပေါ့နော် ဆရာအစစ် မဟုတ်တာတို့ အတု မဟုတ်တာတို့ ဒါ ကျွန်တော်တို့ ပညာရေး မိသားစုတွေက တချို့က ပြန်ပြီးတော့ တုံ့ပြန်ကြတာ ရှိတယ်လေ။ ပြန်တုံ့ပြန်ကြတာကို ကျွန်တော်တို့က မတုံ့ပြန်နဲ့ ဒီလိုမျိုး ကြေညာချက်လေးတော့ ထုတ်မယ် ဆိုပြီးတော့ တုံ့ပြန်တဲ့ သူတွေကို ပြန်ပြီးတော့ သတိပေးတဲ့ သဘောပါပဲ။ ကျွန်တော်တို့ကတော့ အတုတွေ အစစ်တွေ ဆိုတာကတော့ မီဒီယာတွေကလည်း အားလုံးသိပြီးသား ကျွန်တော်တို့ အတုလား အစစ်လား ဆိုတာ၊ နောက် လပွတ္တာမှာရှိတဲ့ သူတွေကလည်း သိပြီးသား ဖြစ်နေကြပါတယ်။ အဲဒီအတွက်ကို ကျွန်တော်တို့က သီးသန့်ကြီးတော့ ရှင်းပြဖို့ အစီအစဉ် မရှိပါဘူး။ ကျွန်တော်တို့က သူတို့ဘက်က တိုက်ရိုက် အပုပ်ချ ပြောဆိုလာမယ် ဆိုရင်တော့ ဒီလူကိုတော့ ကျွန်တော်တို့က မဟုတ်မမှန် ပြောဆိုတဲ့ အတွက်တော့ လူကို သိရရင်တော့ အရေးယူ ဆောင်ရွက်သင့်ရင် ဆောင်ရွက်ရမှာပဲလေ”ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သည့် ကျောင်းအုပ်ဆရာကြီး တစ်ဦးဖြစ်သူ ဦးရဲဝင်းနိုင်က ပြောကြားသည်။ 

လပွတ္တာမြို့နယ်ရှိ ပညာရေး ဝန်ထမ်းအချို့က ဆန္ဒထုတ်ဖော်ခဲ့မှုများနှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် အမည်အတု အကောင့်အတုများဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည် ဆရာဆရာမများသည် အတုများသာ ဖြစ်ကြောင်း၊ ငွေကြေး ထောက်ပံ့မှုများ ရယူထားပြီး လုပ်ဆောင်နေကြသည့် သူများသာဖြစ်ကြောင်း အပုပ်ချဝေဖန်မှုများလည်း များပြားနေကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment