ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် မေလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီး ပြတ်တောက်ခြင်းကြောင့် ဘိလပ်မြေများ ဈေးတက်ပြီး လိုသလောက် ဝယ်မရသဖြင့် ဆောက်လုပ်ရေးလုပ်ငန်း ရပ်နားထားသူများလည်း ရှိသည်ဟု သိရသည်။
တောင်ကြီးမြို့တွင် လျှပ်စစ်မီး စတင် ပြတ်တောက်သော ကာလ မေလဆန်းပိုင်းမှ စတင်၍ ဘိလပ်မြေများ ဈေးတက်ပြီး အရောင်းဆိုင်ခွဲများနှင့် ဆိုင်ငယ်များတွင် ပစ္စည်းလုံးဝ မရှိဘဲ ဝယ်မရတော့ကြောင်း၊ ဒေသထုတ် ကမ္ဘောဇ ဘိလပ်မြေမှာ လိုသလောက် မထုတ်လုပ်နိုင်သဖြင့် ပစ္စည်းရှားခြင်း ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့ ကမ္ဘောဇ ဘိလပ်မြေစက်ရုံတွင် နောက်ထပ် သုံးလေးရက်နေလျှင် ရနိုင်ကြောင်း၊ ဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ် ၆၁၀၀ နှုန်းဖြင့် စက်ရုံအထိ လာသယ်ရမည် ဖြစ်ကြောင်း၊ လျှပ်စစ်မီး ပြတ်တောက် နေခြင်းကြောင့် စက်ရုံ မလည်ပတ်နိုင်တော့ဘဲ ယခုကဲ့သို့ ဘိလပ်မြေများ ပစ္စည်း ပြတ်တောက်နေခြင်း ဖြစ်ကြောင်း စက်ရုံ တာဝန်ခံက ဆိုသည်။
“ဘိလပ်မြေက ခု သုံးလေးရက်တော့ စောင့်ရတယ်။ ဈေးက ၆၁၀၀ ကျပ်။ ကားခ မပါဘူး။ စက်ရုံကို လာတင်ရတယ်။ တောင်ကြီးကနေ ဟိုပုံးစက်ရုံမှာ လာယူရတယ်။ အဲဒါက အစိုးရမီး မရလို့ပါနော်။ ဘယ်တော့မှ ရမလဲဆိုရင် ဇွန်လရဲ့ လလယ်လောက်မှ ပြန်ရမယ်။ အစိုးရ မီးကြောင့်ပါနော်။ တစ်ရက်ကို ဘယ်လောက် ရောင်းပေးမလဲ ဆိုတာ မားကတ်တင်းကို မေးကြည့်ပါ”ဟု ကမ္ဘောဇ ဘိလပ်မြေစက်ရုံ တာဝန်ခံ ဦးဝင်းထိန်က ပြောကြားသည်။
“ကျွန်တော်တို့လည်း သွားဝယ်သေးတယ်။ ဘိလပ်မြေ အများကြီး ဖြန့်တဲ့ဆိုင်ကို သွားမေးတော့ ခြောက်လပိုင်းလောက်မှ အဆင်ပြေမယ် ပြောတယ်။ လျှပ်စစ်ပြဿနာလို့ ပြောတယ်။ မီးမရလို့ စက်ရုံ မလည်ပတ်နိုင်ဘူး ပြောတယ်။ တစ်နေ့က ဘိလပ်မြေဝယ်ဖို့ မိုင်းရှူးက မိတ်ဆွေ တစ်ယောက် အကူအညီတောင်းလို့ သွားဝယ်တာ၊ မီးကြောင့် စက်ရုံ မလည်ပတ်နိုင်တာ လက်လီ ရောင်းဖို့တောင် မရှိဘူး ပြောတယ်။ များများ မပေးနိုင်ဘူး။ လျှပ်စစ်မီး ပြတ်တာကစပြီး လုပ်ငန်းတွေ အားလုံး ခက်နေတယ်။ မီးမလာလို့ လုပ်ငန်း ပြိုင်ဘက်တွေ၊ တချို့ရပ်ကွက် မီးနည်းနည်း ပိုလာတော့ သူတို့ လုပ်ငန်းတူချင်းတောင် လုပ်ငန်းတွေ ထိခိုက်တာပေါ့။ ဘာလို့ ဆိုတော့ လုပ်ငန်းတူချင်းကို မီးရတဲ့ ရပ်ကွက်က အလုပ်ဖြစ်ပြီး တစ်ဖက် မီးမရတဲ့ ရပ်ကွက်က ဖောက်သည်တွေ ပျက်ကုန်တာပေါ့။ ဘိလပ်မြေ ဆိုလည်း ယိုးဒယားက တင်သွင်းလာတဲ့ ဘိလပ်မြေကို သုံးရင်လည်း နှစ်ထောင် သုံးထောင်လောက် ကွာနေတယ်။ မယူရဲဘူး။ အပြင်မှာလည်း ဝယ်လို့ မရဘူး။ လျှပ်စစ်မီးက တော်တော် ခက်ခဲနေလို့ ဒုက္ခတော်တော်ရောက်နေတယ်”ဟု တောင်ကြီး ဒေသခံ ကိုခွန်သန်းလွင်က ပြောကြားသည်။
တောင်ကြီးမြို့တွင် အဓိကအားဖြင့် ကမ္ဘောဇ ဘိလပ်မြေ တစ်ခုတည်းကို အားထားနေကြရပြီး နဂါးဘိလပ်မြေ မထွက်ရှိသဖြင့် ကမ္ဘောဇ ဘိလပ်မြေ တစ်ခုတည်းကြောင့် ယခုလို ပစ္စည်းပြတ်လပ်ခြင်း ကြုံတွေ့ရခြင်း ဖြစ်ကြောင်း၊ ယိုးဒယားမှ တင်သွင်းလာသော စိန်တံဆိပ်၊ အပါချီနှင့် ကြံ့နှစ်ကောင်၊ အခြားသော တံဆိပ်များ ရှိသော်လည်း ဈေးနှုန်း မြင့်သောကြောင့် မသုံးနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်အတွင်း ဘိလပ်မြေ ရှားပါး ပြတ်လပ်နေသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းအချို့ ရပ်နားထားခြင်းလည်း ရှိကြောင်း သိရသည်။
“ဘိလပ်မြေက ဈေးတအားကြီးတော့ ၆၀၀၀ အောက်ပဲ သုံးတယ်။ ခုက ၆၀၀၀ ကျော်တော့ အဆောက်အအုံကို ရပ်ဆိုင်းလိုက်တယ်။ ဘုန်းကြီးကျောင်းမှာ ဆောက်တာ။ မေလ အစောပိုင်းမှာ တက်တယ်။ ဘာလို့ တက်တာလဲ ဆိုတော့ လက်လီ တစ်ဆင့် ပြန်ဝယ်တာလည်း အဆင်မပြေဘူး ပြောတယ်။ တွဲကား သမားတွေလည်း လေး ငါးစီးလောက် လာထိုး ရပ်ထားတယ်။ ဈေးတက်တာလို့ ထင်တယ်။ နဂါးဘိလပ်မြေ စက်ရုံကလည်း မလုပ်တော့လို့လည်း ထင်တယ်။ မီး ပုံမှန်မလာလို့လည်း ဈေးတက်တာလို့ ယူဆတယ်။ ယိုးဒယား ဘိလပ်မြေကို မသုံးဘူး။ ဒေသတွင်းမှာ ကမ္ဘောဇပဲ သုံးကြတယ်”ဟု တောင်ကြီးဒေသခံ တစ်ဦးက ပြောကြားသည်။
တောင်ကြီးမြို့ ကမ္ဘောဇ ဘိလပ်မြေစက်ရုံသည် ယခင်က တစ်ရက်လျှင် ဘိလပ်မြေ အိတ်ပေါင်း နှစ်သောင်းကျော် ထုတ်လုပ်နေရာမှ လျှပ်စစ်မီး ပြတ်တောက်ခြင်းကြောင့် အိတ်ပေါင်း ၈၀၀၀ ခန့် အထွက်နှုန်း လျော့ကျခဲ့ရသဖြင့် ဈေးကွက် ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ခြင်း မရှိတော့သဖြင့် ကုန်စည်ဈေး တက်လာပြီး ကိုယ်စားလှယ် ဆိုင်ခွဲများကိုလည်း လိုသလောက် ပစ္စည်းများ ထုတ်ရောင်းနိုင်ခြင်း မရှိခြင်း ဖြစ်ကြောင်း သိရသည်။
Eleven Media Group






0 comments:
Post a Comment