လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ အထည်ချုပ်စက်၌ မေ ၂၇ ရက်ည ၉ နာရီခန့်တွင် မီးလောင်ရာသို့ လာရောက် မီးငြှိမ်းသတ်သည့် မီးသတ်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး လူ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
မေ ၂၇ ရက် ည ၉ နာရီကျော်ခန့်တွင် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ ရှိ အထည်ချုပ်စက်ရုံ တစ်ရုံတွင် မီးလောင်ကျွမ်းကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အခြားသက်ဆိုင်ရာ တပ်ဖွဲ့ဝင်များမှ သွားရောက်ခဲ့သည်။
မီးလောင်ကျွမ်းမှုအား သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့မှ Level - 2 အဆင့် သတ်မှတ်ခဲ့ပြီး မီးလောင်ကျွမ်းမှုမှာ တစ်နာရီ နီးပါးခန့် ကြာမြင့်ခဲ့ကာ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။
အဆိုပါ မီးလောင်ကျွမ်းခဲ့သည့် နေရာသို့ လာရောက် မီးငြှိမ်းသတ်ခဲ့သည့် မရမ်းကုန်းမြို့နယ်မှ မီးသတ်ယာဉ် တစ်စီးမှာ နဝဒေးအနီးတွင် လမ်းရှိ စက်ဘီးတစ်စီးအား ရှောင်ရင်း လမ်းဘေး ဓာတ်တိုင်အား ဝင်တိုက်မိခဲ့ကြောင်း၊ ယင်းသို့ တိုက်မိမှုကြောင့် မီးသတ်ယာဉ်မှာ တိမ်းမှောက်ခဲ့ကာ မီးသတ်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် မီးသတ်တပ်ဖွဲ့ဝင်များမှာ ထိခိုက်ဒဏ်ရာ မရရှိသော်လည်း အနီးအနားရှိ လူနှစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် ဆေးရုံသို့ တင်ပို့ထားရကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
“ကနဦး သိရတာက မရမ်းကုန်းမြို့နယ်က မီးသတ်ယာဉ်က လာရင်း စက်ဘီးကို ရှောင်လိုက်တာ။ ပြီးတော့ ဓာတ်တိုင်ကို တိုက်မိတာ။ မီးသတ်ယာဉ် မှောက်တယ်။ မီးသတ်တပ်ဖွဲ့တွေ ထိခိုက်ဒဏ်ရာ မရပါဘူး။ အပြင်က လူနှစ်ဦး ထိခိုက်ဒဏ်ရာ ရတယ်”ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မီးလောင်မှုအား နာရေးကူညီမှုအသင်း အပါအဝင် အခြားလူမှုကယ်ဆယ်ရေးအဖွဲ့ များကလည်း လာရောက် ကူညီခဲ့ကြောင်း သိရသည်။
Eleven Media Group







0 comments:
Post a Comment