သက်တမ်းကုန်ဆုံး၍ လုပ်ကိုင်ခွင့်ရပ်နားထားသည့် မိုးကုတ်မြို့ရှိ ကျောက်တူးဖော်ရေးလုပ်ကွက်အချို့တွင် မလိုလားအပ်သော ပြဿနာများမဖြစ်ပေါ်စေရန် ရဲတပ်ရင်းများ ချထားကာ လုံခြုံရေးဆောင်ရွက်နေကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဧပြီကုန်ပိုင်းက မိုးကုတ်မြို့ အနောက်ပိုင်းဘောလုံးကြီးရပ်ရှိ သက်တမ်းကုန်ဆုံးနေသော ကျောက်တူးဖော်ရေး ကုမ္ပဏီလုပ်ကွက်တစ်ခုတွင် ဒေသခံအချို့က ဝင်ရောက်တူးဖော်ရာမှ ကုမ္ပဏီနှင့် ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားကာ အဆောက်အအုံများ၊ စက်ယန္တရားများနှင့်အိမ်စီးကား အချို့ကို မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့အတူ ကပိုင်ကျေးရွာရှိ ကျောက်ပြသာဒ်ကြီးလုပ်ကွက်တွင်လည်း သက်တမ်းကုန်ဆုံးနေသော လုပ်ကွက်တစ်ခုမှ ဗြုန်းဆေးခွင့်ရက်ပေါင်း ၄၀ ခွင့်ပြုချက်ရရှိသည်ကို ကျေနပ်မှုမရှိသောကြောင့် ဒေသခံများဖြင့် ပြဿနာဖြစ်ပွားခဲ့ရာ ယင်းသို့ မလိုလားအပ်သော ပြဿနာများ ထပ်မံမဖြစ်ပေါ်စေရန် ကျောက်တူးဖော်ရေး လုပ်ကွက်ကြီးများတွင် ရဲတပ်ရင်းချထားကာ လုံခြုံရေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ တပ်ဖွဲ့ဝင်လုံခြုံရေးအင်အား ၈၀ ပါဝင်သော ရဲတပ်ရင်း ၁၆ (စစ်ကိုင်း)မှာ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရှိ ကျောက်ဖားလုပ်ကွက်နှင့် မြို့အရှေ့ပိုင်းရှိ ငါးရံ့အင်းလုပ်ကွက်တို့တွင် မေ ၂၀ ရက်မှစတင် အခြေချနေထိုင်ကာ လုံခြုံရေးရယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရဲတပ်ရင်း ၁၆ တပ်ခွဲမှူးထံမှ သိရသည်။ “လုပ်ကွက်တွေမှာ လုံခြုံရေးချထားတဲ့ အပေါ်ဘာကြောင့်ဆိုတာကို ပြည်ထဲရေးက သော်လည်းကောင်း၊ ရဲတပ်ရင်းကသော်လည်းကောင်း ထုတ်ပြန်ထားတာတော့ တရားဝင်မရှိပါဘူး။ ဒါက ငြိမ်ဝပ်ပိပြားမှုရှိအောင်နဲ့ အချို့အချို့သော ရမ်းကားသောသူများက သက်တမ်းကုန် ကုမ္ပဏီလုပ်ကွက်များကို သွားရောက်ပြီး နိုင့်ထက်စီးနင်းမလုပ်နိုင်အောင်လို့ ထိန်းသိမ်းတယ်ဆိုတဲ့သဘောပဲ ရှိပါတယ်။ သက်ဆိုင်ရာနဲ့ဦးပိုင်က ပိုင်ဆိုင်ထားတဲ့ လုပ်ကွက်တွေ ရှိပါတယ်။ ဒီလုံခြုံမှုအတွက် သူတို့သာမန်လုံခြုံမှုထိန်းသိမ်းရေးအတွက် လာခြင်းဖြစ်ပါတယ်။ ပဋိပက္ခ ထိန်းသိမ်းဖို့ အနေအထားမရှိပါဘူး။ မိုးကုတ်မှာက လုပ်ကွက်တွေ ရာနဲ့ချီရှိပါတယ်။ အဲဒါတွေကို ကွက်ပြည့်လုပ်ဆောင်ဖို့ဆိုတာ နယ်မြေခံ ရဲအနေနဲ့က ခက်ခဲပါတယ်။ အဲဒါကြောင့် တိုင်းအုပ်ချုပ်ရေးအဖွဲ့က ပံ့ပိုးပေးတဲ့ သဘောလို့ပဲ ယူဆပါတယ်” ဟု မိုးကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က ပြောကြားသည်။ “အခုလက်ရှိမှာလုပ်ကွက်တွေ ဖော်နေပြီဆိုတော့ အမြန်ဆုံးဖြစ်ဖို့ မျှော်လင့်တယ်။ ဘာလို့လဲဆိုတော့မြို့က ထမင်းလိုပြောရရင် အရမ်းဆာနေပြီ။ ဆာနေတဲ့အခါကျတော့ မလိုလားအပ်တဲ့ ဘာပြဿနာတွေ ဖြစ်လာသလဲဆို လုပ်ကွက်တွေ သက်တမ်းကုန်လို့ ပိတ်သိမ်းသွားတဲ့အခါ လူတွေကအင်နဲ့အား နဲ့ ဗြုန်းဝင်ယူတာတို့ ဝင်တူးတာတို့တွေ ဖြစ်လာတယ်။ ဒါက ဥပဒေအရကြည့်ရင် မလုပ်သင့်ဘူး။ ဒါတွေက နိုင်ငံပိုင်ဖြစ်သွားပြီ။ နိုင်ငံပိုင်ဝန်ကြီးဌာနပိုင် လုပ်ကွက်တွေထဲကို ဝင်တူးတာက ဥပဒေအရလည်း မဖြစ်သင့်ဘူး။ သို့သော် မြို့ရဲ့လိုအပ်ချက်ကျတော့ အင်မတန်ကြီးနေလို့ သူတို့ကိုလည်း အပြစ်ပြော လို့မရဘူး။ အဲဒီလိုအခြေအနေမှာ ကျောက်မျက်ဌာနကလည်း ရဲတပ်ရင်းကို နေပြည်တော်ကနေခေါ်ပြီး လုံခြုံရေးလုပ်တဲ့အခါမှာ အဲဒီလိုဖြစ်စဉ်တွေ ရပ်ဆိုင်းသွားပြီး ဝင်တူးတာတွေ မရှိသလောက်ဖြစ်သွားတာပေါ့။ အစောပိုင်းမှာတော့ တစ်ကွက်တစ်ကွက်ကို လူရာနဲ့ထောင်နဲ့ ချီပြီးတော့ တူးကြတယ်။ အဲဒီလို မလိုလားအပ်တဲ့ ပြဿနာတွေပေါ်လာမှာ ဆိုးရတာကြောင့် ကျောက်မျက်နည်း ဥပဒေကို အမြန်ဆုံးထွက်စေချင်တယ်။ အမြန်ဆုံးထွက်မှသာ ဒီရဲ့ပြဿနာတွေ အေးသွားမှာ။ မဟုတ်ရင် မြို့ကလူတွေကလည်း သူတို့ခေတ်တုန်းကလည်း စည်းမဲ့ကမ်းမဲ့ တူးကြတာပဲ။ ငါတို့လည်း တူးတယ်ဘာဖြစ်လဲဆိုတာမျိုး ဖြစ်နေတယ်။ ဒါတွေက မဖြစ်သင့်တဲ့ဟာပါ။ သက်တမ်းကုန်သွားတဲ့ လုပ်ကွက်တွေထဲမှာ လူအများစိတ်ဝင်စားတဲ့လုပ်ကွက် တွေရှိတယ်။ ဒါပေမဲ့ သက်တမ်းကုန်ပြီး စိတ်မဝင်စားတဲ့ လုပ်ကွက်တွေလည်းရှိတယ်။ ဥပမာ- ရွှေပြည်အေးဂေါက်ကွင်းတို့ ငါးရံ့အင်းတို့ ကျောက်ပြသာဒ်တို့ကုဋေကုဋာတို့လို ကျောက်ကောင်းထွက်တဲ့နေရာတွေဆို သက်တမ်းကုန်သွားပြီး ကုမ္ပဏီဆုတ်သွားတာနဲ့ လူတွေက အင်နဲ့အားနဲ့ ဝင်ကြတာပေါ့။ တချို့ကျတော့လည်း တူးတာမဟုတ်ဘဲ ခဲတွင်းတွေဆို ပစ်ထားတဲ့ ပစ်စာတွေကို ဝင်ယူတာပေါ့။ လုတာတော့မဟုတ်ဘူး။ အခုမှသာ နေပြည်တော်က ရဲတပ်ရင်းရောက်လာတယ်။ ဖမ်းမယ် ဆီးမယ်ဆိုတဲ့အသံတွေကြားတော့မှ ရပ်ကုန်တာ” ဟု ဦးစိုးမြင့် ကျောက်မျက် ဥပဒေကြံပြုကော်မတီ (မိုးကုတ်) က ပြောကြားသည်။ လက်ရှိအချိန်တွင် ယင်းသို့ သက်တမ်းကုန်ဆုံး၍ ရပ်နားထားသည့် လုပ်ကွက်များတွင် အသေးစား၊ အလတ်စားနှင့် တစ်ပိုင်တစ်နိုင် လုပ်ကွက်များ ပြန်လည်ချထားပေး ရန်မြေပုံ ရေးဆွဲစိစစ်ဆောင်ရွက်နေပြီး ဒေသခံများအနေဖြင့် ကျောက်မျက်ရတနာ နည်းဥပဒေ အမြန်ဆုံးထွက်ပေါ်လာရန်နှင့် တစ်ပိုင်တစ် နိုင်လုပ်ကွက်များ အမြန်ဆုံး လုပ်ကိုင်ခွင့် ရရန်မျှော်လင့်လျက်ရှိကြောင်း သိရသည်။
Eleven Media Group
0 comments:
Post a Comment