အချုပ်ထဲထည့်ပြီးငွေညှစ်တဲ့ တောင်ငူခရိုင် ဥပဒေအရာရှိနဲ့ ဆွာနယ်မြေ ရဲစခန်းမှူးတို့ကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မရဲစခန်းနဲ့ ရေတာရှည်မြို့မရဲစခန်းတို့မှာ မေ(၂၇)ရက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
ပဲခူးတိုင်း ဆွာမြို့၊ အေးသာယာရွာက မောင်ရဲထက်ပိုင်နဲ့ တိုးတိုးဝေတို့ ချစ်ကြိုက်ကာခိုးရာလိုက်ပြီး ရပ်ရွာဓလေ့လက်ထပ်စာချုပ် ချုပ်ဆိုတဲ့ အပေါ် မတိုးတိုးဝေရဲ့ဖခင်က ဆွာမြို့ရဲစခန်းမှာ အမှုဖွင့်တိုင်ကြား ခဲ့တယ်လို့ ဆိုပါတယ်။
မောင်ရဲထက်ပိုင်နဲ့ သူ့အဖိုးအပါအ၀င်(၃)ယောက်ကို အချုပ်ထဲထည့်ပြီး ငွေကျပ်သိန်း(၃၀) တောင်းလို့ ပေးခဲ့ရတဲ့အပေါ် အရေးယူပေးဖို့ တိုင်ကြား လာတာကြောင့် အခုလို အမှုဖွင့်ရတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီတိုင်ကြားမှုအပေါ် ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးခဲ့ရာမှာ တောင်ငူခရိုင် ဥပဒေအရာရှိ ဦးမောင်မောင်အေးဟာ အချုပ်ထဲကတရားခံ(၃)ယောက်အတွက် ငွေကျပ်သိန်း(၃၀)ကို ရှေ့နေကတဆင့် တောင်းခံရယူခဲ့ပြီး ဥပဒေထင်မြင်ချက်ပေးတာ၊ ဆွာနယ်မြေ ရဲစခန်းမှူး ရဲအုပ်နေလင်းအောင်ဟာ ရဲစခန်းပိုင်းက အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်ဆိုပြီး ငွေကျပ်(၃)သိန်းကို ရှေ့နေကတစ်ဆင့်တောင်းယူတာ၊ ရှေ့နေကစီစဉ်ပေးတဲ့ ဘီယာဆိုင်နဲ့ KTV တွေသွားရောက်ပြီး ၀န်ဆောင်မှုနဲ့ တံစိုးလက်ဆောင်ရယူ တာတွေဟာ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့တာဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆိုဖို့ ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။
One News Myanmar







0 comments:
Post a Comment