Tuesday, May 28, 2019

ကျောက်ဖျာမြို့သစ်စီမံကိန်းဟု အကြောင်းပြကာ တောင်သူများထံမှ မြေဧက ၅၀၀၀ ကျော် သိမ်းပြီး ၁၅ နှစ် ကြာသည်အထိ အကောင်အထည် မဖော်နိုင်သေးသောကြောင့် လက်ရှိအစိုးရ လက်ထက်တွင် စိစစ်ကာ တောင်သူများထံ ပြန်လည် ပေးအပ်သင့်ဟုဆို


ကျောက်ဖျာမြို့သစ် စီမံကိန်းဟု အကြောင်းပြကာ တောင်သူများထံမှ မြေဧက ၅၀၀၀ ကျော် သိမ်းဆည်းခဲ့ပြီး စီမံကိန်းကို ၁၅ နှစ် ကြာသည့်အထိ အကောင်ထည် မဖော်နိုင်သေးသောကြောင့် လက်ရှိအစိုးရ လက်ထက်တွင် သေချာစွာ စိစစ်ကာ မူလပိုင်ရှင် တောင်သူများထံ ပြန်လည် ပေးအပ်သင့်ပြီ ဖြစ်ကြောင်း ဒေသခံများနှင့် လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။ 
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု အတွင်းရှိ တောင်သူ လယ်သမားများ၏ ထောင်နှင့်ချီသော မြေဧကများကို စစ်အစိုးရ လက်ထက်တွင် မြို့သစ် စီမံကိန်းဟု အကြောင်းပြကာ သိမ်းဆည်းခဲ့ကြောင်း သိရသည်။ မြို့သစ်စီမံကိန်း တည်မည်ဟု အကြောင်းပြ သိမ်းဆည်းခဲ့သော်လည်း ၁၅ နှစ် ကြာသည့်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ လုပ်ငန်းတချို့သာ မြေဧက တစ်ရာကျော်တွင် လည်ပတ်နေကြောင်း၊ ကျန်သည့် မြေဧက ၅၀၀၀ ကျော်မှာ စီမံကိန်း လုပ်ဆောင်ခြင်း မရှိသည့်အတွက် ဒေသခံ တောင်သူများအတွက် အခက်အခဲများ ဖြစ်နေသည့်အပြင် ဒေသဖွံ့ဖြိုးရေး အတွက်လည်း များစွာ ဆုံးရှုံးနေကြောင်း သိရသည်။ 
“မြေဧက ၅၆၀၀ မှာ ၁၇၂ ဧကပဲ အသုံးပြုထားပါတယ်။ မြို့သစ်စီမံကိန်းဟာ ဘယ်လို ဥပဒေနှင့် ခွင့်ပြုပြီးတော့ တောင်သူတွေကတော့ ဥပဒေနှင့်အညီ ပြန်ယူလို့ မရဘူး ဖြစ်နေတယ်။ နောက်တစ်ခုက တောင်သူတွေရဲ့ ပြေစာအခွန်ကို မြို့သစ်စီမံကိန်း ကော်မတီဆိုတဲ့ အမည်ပေါက် ထွက်နေတဲ့အပေါ်မှာ မူလပိုင်ရှင် တောင်သူတွေက စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတယ်။ မြို့သစ်စီမံကိန်း ကော်မတီတွေက ဘဏ်မှာ ငွေကျပ် သိန်း ၃၀၀၀ လောက် အပ်ထားတယ်လို့ သိရပါတယ်။ ဒီငွေကို ဘဏ်မှာ ဒီအတိုင်း ထားရှိမယ့်အစား ဒုက္ခရောက်နေတဲ့ တောင်သူတွေကို ငွေထုတ်ချေးပေးပါလို့ ပြောကြားချင်ပါတယ်”ဟု ကျောက်ဖျာကျေးရွာမှ ဦးတူးတူးလတ်က ပြောကြားသည်။ 
အစိုးရ အဆက်ဆက်တွင် အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့သည့်အတွက် NLD အစိုးရ လက်ထက်တွင် ဒေသအကျိုး၊ ပြည်သူများအကျိုးကို ကြည့်ရှုသောအားဖြင့် ပြန်လည် စိစစ်ပေးပါရန် ဒေသခံများက လိုလားနေကြောင်း သိရသည်။ 
“ကျွန်တော်တို့ အစိုးရဟာ ပြည်သူလူထုရဲ့ ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရ ဖြစ်ပါတယ်။ မူလ အချုပ်အခြာ အာဏာသည် ပြည်သူလူထုကနေ ဆင်းသက်ပြီးတော့ တစ်နိုင်ငံလုံးတွင် တည်သည် ဆိုပြီးတော့ ပါပြီး ဖြစ်ပါတယ်။ အဲဒီတော့ မူလ အချုပ်အခြာပိုင်ရှင်သည် ပြည်သူလို့ပဲ ကျွန်တော် အမြဲတမ်း ခံယူထားပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူကနေ အခါအားလျော်စွာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကနေ တစ်ဆင့် အချိန်ကန့်သတ်ချက်နဲ့ တာဝန်ပေးအပ်ခြင်း ခံရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ တာဝန်ပေးအပ်ခြင်း ခံထားရတဲ့ ကာလအတွင်းမှာ ကျွန်တော်တို့အနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ဒေသရဲ့အကျိုး၊ ဒေသမှာ မှီတင်း နေထိုင်ကြတဲ့ ပြည်သူလူထုရဲ့အကျိုးကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် အဂတိကင်းကင်းနှင့် ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်သွားကြဖို့ လွှတ်တော်မှာလည်း ကတိပြုထားပြီးသား ဖြစ်ပါတယ်။ ကျွန်တော်တို့က အခုလာပြီး တွေ့ဆုံတာကလည်း ဒေသခံတွေရဲ့ အခက်အခဲတွေ၊ ဒေသခံတွေရဲ့ အကြံပြုချက်တွေကို အဓိက သိချင်တာပါ” ဟု တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောကြားသည်။ 

NLD အစိုးရ တက်လာပြီး နောက်ပိုင်းတွင် ဒေသခံများက ကျောက်ဖျာမြို့သစ် စီမံကိန်းကို အကောင်အထည် မဖော်နိုင်သည့်အတွက် မူလပိုင်ရှင်များကို ပြန်လည် ပေးအပ်ရန် တင်ပြခဲ့သော်လည်း ယခင် စီမံ/ဘဏ္ဍာ ဝန်ကြီး (ယခု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)က ပေးအပ်ရန် အစီအစဉ် မရှိဟု ဖြေခဲ့သောကြောင့် ဒေသခံများနှင့် လုပ်ငန်းရှင်များအကြား များစွာ ဝေဖန်မှုမြှင့်တက်ခဲ့ကြောင်း သိရသည်။ 

ကျောက်ဖျာမြို့သစ် စီမံကိန်းအတွင်း ယခင်အစိုးရ လက်ထက်က မြေနေရာ ရယူထားသည့် လုပ်ငန်းရှင်ကြီးများမှာ လုပ်ငန်း အကောင်ထည် မဖော်နိုင်သည့်အပြင် လာရောက် ရင်းနှီးမြှုပ်နှံမည့် သူများကို လုပ်ငန်းခွင် တစ်ခုကို ငွေကျပ် သိန်းပေါင်း သောင်းနှင့်ချီကာ ပြန်လည် ရောင်းချရန် စီစဉ်နေသည့်အတွက် လာရောက် ရင်းနှီးမြှုပ်နှံမည့် သူများလည်း မလာရောက်နိုင်သလို စီမံကိန်းများလည်း မရှိ ဖြစ်နေကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်များကို တိုင်းဒေသကြီး အစိုးရမှ သေချာ စိစစ်ပြီး လုပ်ငန်းဆောင်ရွက်ခြင်း မရှိသည့် လုပ်ငန်းများကို ပြန်လည် သိမ်းယူပြီး ဒေသအတွက် အကျိုးရှိစေမည့် စိုက်ပျိုးရေး လုပ်ငန်းများကို ဒေသခံများအတွက် လုပ်ကိုင် စားသောက်ရန် ပြန်လည် ပေးအပ်သင့်ပြီ ဖြစ်ကြောင်း လုပ်ငန်းရှင်တချို့က အကြံပြု ပြောကြားလျက် ရှိသည်။ 

Eleven Media Group

0 comments:

Post a Comment