Thursday, May 2, 2019

ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းကောက်ရန် တနင်္သာရီတွင် ကောက်ကွက်တစ်ရာကျော် သတ်မှတ်

တနင်္သာရီတိုင်းအတွင်း ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရန်အတွက် ကောက်ကွက် (ကျေးရွာ၊ ရပ်ကွက်) တစ်ရာကျော် သတ်မှတ်ထားကြောင်း တနင်္သာရီတိုင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနထံမှ သိရသည်။ 
ယင်းကြားဖြတ်သန်းခေါင်စာရင်းကို ယခုနှစ် နိုဝင်ဘာလတွင် ကောက်ယူမည်ဖြစ်ပြီး ထားဝယ်ခရိုင်တွင် ကောက်ကွက် ၅၃ ကွက်၊ မြိတ်ခရိုင်တွင် ၆၀ ကွက်၊ ကော့သောင်းခရိုင်တွင် ၃၃ ကွက်သတ်မှတ်ထားခြင်းဖြစ်သည်။ 

“စေတနာ့ဝန်ထမ်းတွေနဲ့ တစ်အိမ် တက်ဆင်း လိုက်ကောက်မှာ။ ဘယ်လိုအချက်အလက်တွေ ကောက်မယ်ဆိုတဲ့ဟာကတော့ အခုထိ အတည်မဖြစ်သေးဘူး။ ကောက်ကွက်တွေကိုတော့ ပြည်သူ့အင်အား ဦးစီးဌာန (ရုံးချုပ်) က သတ်မှတ်ပေးထားတာ”ဟု အထက်ပါဌာန တိုင်းဦးစီးမှူးက ပြောသည်။ 

လက်ရှိတွင် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီများဖွဲ့စည်းထားပြီး စာရင်းကောက်ယူမည့် စေတနာ့ဝန်ထမ်းများအား သင်တန်းပေးရန် စီစဉ်နေကြောင်း ၎င်းက ဆိုသည်။ 

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့ဖူးပြီး ဆယ်နှစ်တစ်ကြိမ် ကောက်ယူရန် စီစဉ်ထားသည်။ 

ယခုကောက်ယူမည့် ကြားဖြတ်သန်းခေါင်စာရင်းသည်လည်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူမည်ဖြစ်ပြီး တစ်နိုင်ငံလုံး ကောက်ကွက် လေးထောင်ကျော် (၄၃၁၆) သတ်မှတ်ထားကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူးက ပြောသည်။ 

ယင်းကြားဖြတ်စာရင်းကို လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များ အချိန်နှင့်တစ်ပြေးညီ အနီးစပ်ဆုံး ခန့်မှန်းနိုင်ရန်၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းပါ အချက်အလက်များနှင့် နှိုင်းယှဉ်လေ့လာနိုင်ရန်၊ ရေရှည်တည်တံ့ပြီး လိုက်လျောညီသော ဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်နိုင်ရန် ကောက်ယူခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ 

ကြားဖြတ်သန်းခေါင်စာရင်းကို ၂၀၂၀ ခုနှစ်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနထံမှ သိရသည်။ 

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ တနင်္သာရီတိုင်းတွင် လူဦးရေ ၁၄ သိန်းကျော် ရှိသည်။ 

Dawei Watch
The Voice

No comments:

Post a Comment