မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ ခြောက်လဆက်တိုက် တိုးတက်ခဲ့ပြီး ထုတ်လုပ်မှု၊ အော်ဒါသစ်များနှင့် အလုပ်နေရာများ ဆက်လက်ဦးမော့နေသော်လည်း ငွေကြေးဖောင်းပွမှုဖိအားများ ပြင်းထန်လာကြောင်း ၂၀၁၉ ခုနှစ် ဧပြီလအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index) ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း) အရ သိရသည်။
ဧပြီလဒေတာများက မြန်မာနိုင်ငံအတွင်း ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ အခိုင်အမာကောင်းမွန်လာခြင်းကို အချက်ပြနေပြီး ခြုံပြောရပါက တိုးတက်မှုမှာ ၁၂ လအတွင်း အမြင့်ဆုံးဖြစ်ခဲ့ပြီး ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ အားကောင်းစွာ ဦးမော့လာမှုက ပံ့ပိုးပေးခဲ့သည်။ ထုတ်လုပ်မှုအကြို လက်ကျန်စာရင်းများပါ ပိုအရှိန်ရတိုးလာခဲ့ကြရာ ထည့်သွင်းကုန်များ ပိုမိုဝယ်ယူမှုများနှင့် ပစ္စည်းသိုလှောင်ရေး အားထုတ်မှုများကြောင့် ဖြစ်သည်။ ယခုလပိုင်းအတွင်း ငွေကြေးဖောင်းပွမှုဖိအားများ ပိုမိုပြင်းထန်လာပြီး ကုန်ကြမ်းပစ္စည်းရှားပါးမှုနှင့် ပိုမိုခိုင်မာသည့် ဝယ်လိုအားအခြေ အနေများအကြား ထုတ်လုပ်မှုဈေးနှုန်းများနှင့် ရောင်းဈေးနှစ်ခုစလုံးတို့၏ ငွေကြေးဖောင်းပွမှုများ အရှိန်ရလာခဲ့သည်။
ဧပြီလအတွက် နစ်ကေးမြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း ၅၃ ဒသမ ၇ ရှိခဲ့ပြီး မတ်လ၏ အမှတ် ၅၂ ဒသမ ၄ ထက်မြင့်လာပြီး တစ်နှစ်အတွင်း အမြင့်ဆုံးအဆင့်ကို တက်လိုက်ခြင်းဖြစ်သည်။ အဓိက အကျဆုံးအညွှန်းက လုပ်ငန်းလည်ပတ်မှုအခြေအနေများ အခိုင်အမာတိုးတက်လာမှုကို အချက်ပြလိုက်ပြီး လက်ရှိတိုးတက်မှုအစဉ်ကို ခြောက်လအထိ တိုးချဲ့နိုင်ခဲ့သည်။
ဧပြီလအတွင်း ထုတ်လုပ်သူတို့က ထုတ်လုပ်မှုဦးမော့လာမှုပိုမိုအားကောင်းလာသည်ဟု မှတ်တမ်းတင်ကြပြီး ထိုသို့တစ်ဟုန်ထိုးတိုးတက်မှုမှာ ၂၀၁၈ ခုနှစ် ဧပြီလမှစပြီး ပူးတွဲအမြန်ဆုံးဖြစ်လာကာ ဝယ်သူများဘက်မှ ဝယ်လိုအားတိုးလာခြင်းနှင့် အော်ဒါသစ်များ ဆက်တိုက်တိုးရလာခြင်းတို့နှင့် ဆက်စပ်နေသည်။ လုပ်ငန်းသစ်များသည် ဧပြီလတွင် ခြောက်လဆက်တိုက် တိုးတက်လာခဲ့ပြီး တိုးတက်မှုနှုန်းမှာမူ တစ်နှစ်အတွင်း အမြင့်ဆုံးသို့ တက်လှမ်းနိုင်ခဲ့သည်။ ထိုသို့ တစ်ဟုန်ထိုးတိုးတက်မှုမှာ ဝယ်သူများထံမှ ဝယ်လိုအားတိုးလာခြင်းနှင့် ဝယ်သူအသစ်များ ရှာယူနိုင်မှုနှင့် ဆက်စပ်နေသည်။
ဈေးနှုန်းမျက်နှာစာတွင် ထည့်သွင်းကုန်များ၏ ဈေးနှုန်းဖောင်းပွမှုနှုန်းမှာ ကုန်ကြမ်းများရှားပါးမှုနှင့် ပစ္စည်းပေးသွင်းသူတို့၏ စရိတ်စကများ မြင့်တက်လာခြင်းကြောင့် ပိုအရှိန်ရလာခဲ့သည်။ ထည်သွင်းကုန် ကုန်ကျစရိတ်များမှာ စစ်တမ်းသမိုင်းနှင့် ယှဉ်ကြည့်လျှင် အားနည်းလာခဲ့သော်လည်း ငါးလအတွင်း အမြင့်ဆုံးသို့ မြင့်တက်သွားခဲ့သည်။ သို့ဖြစ်၍ ရောင်းဈေးများသည် သုံးလဆက်တိုက်မြင့်တက်ခဲ့ပြီး စက်ရုံမှချရောင်းသည့် ဈေးနှုန်းများတိုးလာမှုမှာ အနည်းငယ်မျှသာရှိခဲ့သော်လည်း ကုမ္ပဏီများက မြင့်မားလာသည့် ကုန်ကျစရိတ်များကို ဝယ်သူများထံမှ တစ်စိတ်တစ်ပိုင်း ဖို့ချခဲ့ကြ၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ မှစကာ အမြင့်ဆုံးဖြစ်လာသည်။
လုပ်ငန်းသစ်များ အားကောင်းစွာဦး မော့လာခဲ့ကြသော်လည်း အလုပ်နေရာသစ်ခန့်နှုန်းမှာမူ အားပျော့လာခဲ့ပြီး ခြုံပြောရလျှင် အနည်းအကျဉ်းမျှသာ ရှိခဲ့သည်။ လုပ်သားအင်အားတိုးလာမှုကိုကြည့်လျှင် ဇန်နဝါရီလမှစပြီး အနည်းဆုံးဖြစ်ခဲ့ပြီး အလုပ်နေရာများ တိုးလာမှုမှာ အများအားဖြင့် ကုန်စည်များကို အချိန်မီပို့နိုင်စေရေးအတွက် ယာယီလုပ်သားများကို ငှားရမ်းခဲ့ရမှုနှင့် ဆက်စပ်ခဲ့သည်။ သို့သော်လည်း မပြီးဘဲကျန်နေကြသည့် လက်ကျန်အလုပ်များမှာ သိသာသည့်အရှိန်ဖြင့် ဆက်လက်ကျဆင်းခဲ့သည်။
မြန်မာနိုင်ငံအတွင်း ထုတ်လုပ်ရေးကဏ္ဍ တစ်ခုလုံး၏ မျှော်မှန်းချက်များမှာ ဧပြီလတွင် ဆက်လက်ခိုင်မာလျက်ရှိသည်။ ထုတ်ကုန်သစ်များကို ထုတ်လုပ်နိုင်ခြင်းနှင့် နည်းပညာသစ်ကို လိုက်ဖက်ညီစွာ လက်ခံသုံးနိုင်ခြင်းတို့က ယုံကြည်မှုကိုအားပေးခဲ့ပြီး အကောင်းမြင်မှုအဆင့်မှာ မတ်လမှစ၍ မသိမသာနည်းလာ ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်နှစ်အတွင်း အားအကောင်းဆုံးဖြစ်ခဲ့သည်။
အဆိုပါစစ်တမ်းကို ပြုစုပေးသည့် IHS Markit မှ စီးပွားရေးပညာရှင် Sian Jones က “မြန်မာမှာရှိနေတဲ့ ငွေကြေးဖောင်းပွမှုဖိအားက ယှဉ်ပြောရရင် အားနည်းနေဆဲဖြစ်ပေမဲ့ ကုမ္ပဏီတွေက ကုန်ကြမ်းပစ္စည်းရှားပါးမှုနဲ့ ပစ္စည်းပေးသွင်းရေး ကွင်းဆက်တွေရဲ့ အခက်အခဲတွေကြောင့် ကုန်ကျစရိတ်ဝန်ထုပ်တွေ ပိုကြီးလာတယ်လို့ ဖော်ပြကြတယ်” ဟု ပြောကြားသည်။
ယခုထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်းမူလ ကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်း ဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးထားခြင်းဖြစ်သည်။
Eleven Media Group

No comments:
Post a Comment