Thursday, May 2, 2019

ကျပ် နှစ်ဘီလျံကျော် အသုံးပြုပြီး အဆင့်မြှင့်တင်မည့် ရန်ကုန်မြို့ ညဈေးတန်းကို သြဂုတ်လအတွင်း ဖွင့်လှစ်နိုင်ရန် လျာထားပြီး ဟိုက်ဒရောလစ် ကားပါကင်အတွက် မြေနေရာစမ်းသပ်မှု ပြုလုပ်မည်


ကျပ် နှစ်ဘီလျံကျော် အသုံးပြုပြီး အဆင့်မြှင့်တင်မည့် ရန်ကုန်မြို့ ညဈေးတန်းအား သြဂုတ်လအတွင်း ဖွင့်လှစ်နိုင်ရန် လျာထားပြီး ဟိုက်ဒရောလစ် ကားပါကင်အတွက် မြေနေရာစမ်းသပ်မှု ပြုလုပ်မည် ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။ 
ရန်ကုန်မြို့ ညဈေးတန်းကို A25 Myanmar Development ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး အထပ်မြင့် ဟိုက်ဒရောလစ် ကားပါကင်အတွက် မြေသားစမ်းသပ်မှုကို ယခုရက်ပိုင်းအတွင်း ဆောင်ရွက်မည် ဖြစ်ကာ လိုအပ်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်တီဝင်များ၊ ပန်းဘဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့မှ လွှတ်တော် ကိုယ်စားလှယ်များနှင့် ကုမ္ပဏီ တာဝန်ရှိသူများ မေ ၂ ရက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

“၂၀၁၉ သြဂုတ်လလောက်မှာ ညဈေးတန်း ပေါ်ပေါက်လာမယ်လို့ သူတို့က မှန်းထားတယ်။ အစ်ကိုတို့အနေနဲ့ကလည်း မြန်မြန်လေး ဖြစ်စေချင်တယ်။ နောက်ကျနေပြီလေ။ ကားပါကင်ပါ အပြီးအစီး ဖြစ်လိမ့်မယ်။ ကားပါကင်အတွက Soil Test ကို ဒီတစ်ရက် နှစ်ရက်အတွင်းပဲ စလုပ်လိမ့်မယ်။ အစ်ကိုတို့ ဒီနေ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ခွင့်ပြုပေးလိုက်တဲ့ သဘောမျိုးပဲလေ။ EC တွေ ဘာတွေ စောင့်မနေနဲ့တော့ ဒီအစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ခွင့်ပြုလိုက်တဲ့ သဘောမျိုး ဖြစ်သွားပြီ” ဟု ဦးသန်းနိုင်ဦးက ပြောကြားသည်။ 

အဆိုပါ အထပ်မြင့် ဟိုက်ဒရောလစ် ကားပါကင်ကို နှစ်နေရာ ပြုလုပ်မည်ဖြစ်ပြီး ကမ်းနားလမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့် နှင့် ပန်းဘဲတန်းမြို့နယ် တရားရုံးအနီးတွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ 

ရန်ကုန်မြို့ ညဈေးတန်း အဆင့်မြှင့်တင်ခြင်းကို A25 Myanmar Development ကုမ္ပဏီမှ PPP (Public Private Partnership) စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ငါးနှစ် တစ်ကြိမ် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မည် ဖြစ်ကြောင်း ဦးသန်းနိုင်ဦးက ပြောကြားသည်။ 

လက်ရှိ စည်ပင်သာယာမှ တာဝန်ယူထားသည့် ညဈေးတန်းတွင် ဆိုင်ခန်းခအနေဖြင့် တစ်လ ကျပ် ၁၈၀၀၀ ပေးသွင်းရပြီး ပုဂ္ဂလိကမှ တာဝန်ယူမည့် ညဈေးတန်းတွင် ဆိုင်ခန်းခ ကျပ် ၂၅၀၀၀ ပေးသွင်းရမည် ဖြစ်ကာ ဆိုင်ခန်း တစ်ခန်းအတွက် အမိုးအကာနှင့် စားပွဲခုံတစ်ခုကို ဝန်ဆောင်မှုပေးမည် ဖြစ်သဖြင့် ဈေးသည်များ အနေဖြင့် ရောင်းချမည့် ကုန်ပစ္စည်းကိုသာ ယူဆောင်၍ လာရောက် ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ယင်းသို့ ပုဂ္ဂလိကမှ အဆင့်မြှင့်တင်မည့် ညဈေးတန်းတွင် အစားအစာ စားသောက်နိုင်သည့် နေရာများ၊ ကလေးများ ကစားနိုင်မည့် နေရာများ၊ စားသောက်ကုန်နှင့် သစ်သီးဆိုင်များအပြင် အဝတ်အထည်ဆိုင်များ၊ စာအုပ်ဆိုင်များ စသည့် ဈေးဆိုင် အစုံအလင်ကို ထည့်သွင်းမည် ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ညဈေးတန်းတွင် အဖျော်ယမကာ သောက်သုံးနိုင်ရန်အတွက် လိုင်စင်ယူ၍ ကွန်တိန်နာ ဘောက်စ်များတွင် ဘီယာ၊ အရက်များ ရောင်းချမည့် နေရာနှစ်ခုပါဝင်ပြီး တိုင်းဒေသကြီး အစိုးရနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ကို တင်ပြ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ 

ညဈေးတန်း အဆင့်မြှင့်တင်မည့် ကုန်ကျငွေ ကျပ်၂ ဒသမ ၆ ဘီလျံ A25 Myanmar Development ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မည်ဖြစ်ပြီး ပြည်သူ့ ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခြင်း မဟုတ်ကြောင်း ဦးသန်းနိုင်ဦးက ပြောကြားသည်။ 

ကုမ္ပဏီမှ ညဈေးတန်း အဆင့်မြှင့်တင်ခြင်းကို Pilot profect အနေဖြင့် ကျောက်တံတားမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်တို့တွင် စတင် အကောင်အထည်ဖော်လျက် ရှိသည်။ 

Eleven Media Group 

No comments:

Post a Comment