ငွေကြေးခဝါချမှုများတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ရရှိလာသည့်ငွေကြေးများအား ခဝါချမှုအများဆုံးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ပြောကြားသည်။
မေ ၂၇ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအပြီး၌ ငွေကြေးခဝါချမှုများတွင် မည်သည့်ကိစ္စရပ်များနှင့် ပတ်သက်၍ အများဆုံးဖြစ်သလဲဆိုသည့် မီဒီယာများ၏ မေးမြန်းမှုကို ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“အဓိကကတော့ ကျွန်တော်တို့ နိုင်ငံမှာ တွေ့ရှိရတာက မူးယစ်မှုတွေများပါတယ်။ မူးယစ်ဆေးဝါးနဲ့ ဖမ်းဆီးရမိတဲ့ကိစ္စရပ်မှာတော့ မူးယစ်ဆေးဝါးနဲ့ရတဲ့ငွေတွေကို ဘယ်လို ငွေကြေးခဝါချလဲဆိုတာ ကျွန်တော်တို့ ဥပမာပေါ့။ ပြီးခဲ့တဲ့အခေါက်က မလေးရှားမှာ ကွန်တိန်နာလိုက် ဆေးပြားတွေ မိတာရှိတယ်။ မိတာနဲ့တစ်ပြိုင်နက် မူးယစ်အဖွဲ့ကလည်း သူ့ရဲ့မူးယစ်အမှုနဲ့ ကွင်းဆက်တွေ လိုက်လံဖော်ထုတ်သလို ကျွန်တော်တို့ကလည်း ဒီမူးယစ်ကျူးလွန်တဲ့ တရားခံတွေရဲ့ ပိုင်ဆိုင်မှုတွေ လိုက်လံစစ်ဆေးပြီးတော့ သိမ်းဆည်းတာ၊ တရားစွဲတာရှိပါတယ်။ အလားတူ လူကုန်ကူးမှု၊ ဒါမျိုးတွေလည်း ရှိပါတယ်” ဟု ဦးမောင်မောင်ကျော်က ပြောကြားသည်။
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေဖြင့် စီးပွားရေးပြစ်မှုများနှင့် ဝန်ထမ်းမသမာမှုများအား စုံစမ်းဖော်ထုတ်အရေးယူခြင်းများကို ဆောင်ရွက်လျက်ရှိပြီး တတိယ တစ်နှစ်တာကာလအတွင်း ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ပေးအပ်သည့်အမှုများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်းပေးသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့များတွင် အဖွဲ့ဝင်အဖြစ် ပါဝင်စုံစမ်းစစ်ဆေးခဲ့သည့် အမှုများနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က တာဝန်ပေးအပ်လာသည့် အမှုပေါင်း ၅၂၈ မှုအား စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ငွေကြေးခဝါချတဲ့လုပ်ငန်းတွေက ဘယ်လိုလုပ်ငန်းတွေကို အများဆုံးလုပ်လဲဆိုသည့် မေးမြန်းမှုကို “တွေ့ရှိချက်အရဆိုရင် သူတို့သည် သူတို့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီးတော့ သူတို့နာမည်နဲ့ဖြစ်စေ၊ သူတို့ ဆွေမျိုးသားချင်း၊ သားသမီး၊ မိသားစုနာမည် တွေနဲ့ဖြစ်စေ အိမ်ခြံမြေတွေ ဝယ်တယ်၊ ကားတွေ ဝယ်တယ်၊ ရင်းနှီးမြုပ်နှံမှုတွေလုပ်တာကို ကျွန်တော်တို့ စိစစ်တွေ့ရှိပါတယ်”ဟု ဦးမောင်မောင်ကျော်က ပြန်လည်ဖြေကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ပေးအပ်သည့်အမှုများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်းပေးသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့များတွင် အဖွဲ့ဝင်အဖြစ် ပါဝင်စုံစမ်းစစ်ဆေးခဲ့သည့် အမှုများနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က တာဝန်ပေးအပ်လာသည့်အမှုများထဲမှ စီးပွားရေးဆိုင်ရာပြစ်မှု ၁၃၆ မှုနှင့် ထုတ်ပြန်ထားသည့်ဥပဒေများ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များအား ဖောက်ဖျက်ကျူးလွန်သည့် ဝန်ထမ်းမသမာ မှု ၁၅၉ မှုအား စုံစမ်းစစ်ဆေးနိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
Eleven Media Group







0 comments:
Post a Comment