အိန္ဒိယနိုင်ငံ ကမ်းခြေသို့ ဖြတ်ကျော်မည့် ဆိုင်ကလုန်းမုန်တိုင်း ဖန်နီမှ ပြတ်ထွက်လာမည့် တိမ်တိုက်များကြောင့် မြန်မာနိုင်ငံ၌ မေ ၉ ရက်အထိ မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးချစ်ကျော် က ပြောကြားသည်။
“မုန်တိုင်းကတော့ မြန်မာနိုင်ငံကို မဝင်တော့ဘူး။ မိုးကတော့ တစ်ပြည်လုံးကို မေ ၃ ရက်ကနေ စပြီး ၉ ရက်အထိ မိုးဆက်သွားလိမ့်မယ်။ မုန်တိုင်းက ကမ်းဖြတ်ပြီး တိမ်တိုက်တွေက ပြန်ထွက်သွားရင် မြန်မာနိုင်ငံမှာ မိုးတွေ ရွာမယ်။ အဲဒီနောက်ကနေ ဘာလိုက်လာမလဲ ဆိုရင် မုတ်သုံဝင်မယ့်မိုး လိုက်လာလိမ့်မယ်။ လိုက်လာပေမယ့် တစ်ဆက်တည်း မရွာဘဲ ကြားထဲမှာ မိုးပြန် ပြတ်သွားမယ်။ မြစ်ဝကျွန်းပေါ်ကိုတော့ မေ ၂၅ လောက်မှာ မုတ်သုံ ဝင်နိုင်တယ်” ဟု မိုးလေဝသပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မေ ၂ရက်တွင် မုန်တိုင်း အခြေအနေနှင့် ပတ်သက်ပြီး ထုတ်ပြန်ချက်၌ ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Servere Cyclone Storm) ဖန်နီသည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့ (Puri) ၏ တောင်- အနောက်တောင်ဘက် ၂၄၅ မိုင်ခန့်၊ ဗီဇာကာပတ္တနမ်မြို့ (Vishakhapatnam) ၏ တောင်-အရှေ့တောင်ဘက် မိုင် ၁၃၀ ခန့်၊ ဒီဂါမြို့ (Digha) ၏ တောင်-အနောက်တောင်ဘက် မိုင် ၃၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ အဆိုပါ အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီသည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ဖော်ပြထားသည်။
အဆိုပါ အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ၏ လက်ရှိ အခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေ မရှိသေးသဖြင့် အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း၊ အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီသည် မေ၂ ရက် မြန်မာစံတော်ချိန် ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် မြောက်လတ္တီကျု ၁၅ ဒသမ ၉ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၄ ဒသမ ၅ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၉၅၈ ဟက်တိုပါစကယ် နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၁၅ မိုင်နှုန်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီသည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီးနောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေကို ဂိုလ်ပါပူရ်မြို့ (Gopalpur) နှင့် ချန်ဘာလီမြို့ (Chandbali) အကြားမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ၏ အရှိန်ကြောင့် မေ ၂ ရက်မှ ၄ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်သည် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၃ ပေခန့် ရှိနိုင်ကြောင်း၊ အဆိုပါ အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် သတိပြု သွားလာရန် မိုးဇလက ထုတ်ပြန်ထားသည်။
Eleven Media Group







0 comments:
Post a Comment