တရုတ်နိုင်ငံ၌ ယွမ်သန်း ၅၀ လိမ်လည်မှုဖြင့် ဝရမ်း ထုတ်ခံထားရသူ အမျိုးသမီးတစ်ဦးအား တရုတ်သံရုံး၏ အကူအညီ တောင်းခံမှုကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကူညီ စုံစမ်းဖမ်းဆီးပေးရန် အကြောင်းကြားထားသည့် Shaanxi မြို့၊ စံရှိရှိအန်းကျေးရွာနေ တရုတ်နိုင်ငံသူ Mrs. Kang Hua Kajia (c) Renji Wang Mu (၅၂) နှစ်အား ဧပြီ ၂၉ ရက် ည ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Rose Garden ဟိုတယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသူအား စစ်ဆေးရာ အဆိုပါ အမျိုးသမီးက ၎င်းသည် ဧပြီ ၁၁ ရက်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ မြဝတီသို့ ဝင်ရောက်လာခဲ့ကြောင်း၊ ထို့နောက် ရန်ကုန်သို့ မော်တော်ယာဉ်ဖြင့် လာရောက်ခဲ့ပြီး Rose Garden ဟိုတယ်၌ တည်းခို နေထိုင်ခြင်း ဖြစ်ကြောင်း၊ ၎င်းသည် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် တရုတ်နိုင်ငံ Tong Cheng မြို့၌ ဆောက်လုပ်ရေးလုပ်ငန်း ကန်ထရိုက် လုပ်ကိုင်နေသည့် သတ္တုလုပ်ငန်း ကုမ္ပဏီပိုင်ရှင်ဟု အကြောင်းပြပြီး တရုတ်နိုင်ငံသား တစ်ဦးထံမှ တရုတ်ယွမ် သန်း ၅၀ အား လိမ်လည်ရယူခဲ့သဖြင့် Tong Cheng မြို့ရဲတပ်ဖွဲ့က ဖမ်းဝရမ်း ထုတ်ဆင့်ထားသူ ဖြစ်သည်ဟု သိရကြောင်း၊ ယင်းကြောင့် ဖမ်းဆီးရမိသူ Mrs. Kang Hua Kajia (c) Renji Wang Mu အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တစ်ဆင့် ပြန်လည် လွှဲပြောင်းပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
Eleven Media Group







0 comments:
Post a Comment