Monday, June 24, 2019

အမျိုးသား သုံးဦးအား အုပ်စုဖွဲ့ ဓားဖြင့်ခုတ်သတ်၍ တွံတေး တူးမြောင်းအတွင်း ပစ်ချ အလောင်းဖျောက်သည့် ရာအိမ်မှူးပါ ငါးဦးအနက် နှစ်ဦး ဖမ်းဆီးရမိ


တွံတေးမြို့နယ်တွင် အမျိုးသား သုံးဦးအား အုပ်စုဖွဲ့ ဓားဖြင့် ခုတ်သတ်၍ တွံတေးတူးမြောင်းအတွင်းသို့ ပစ်ချ အလောင်းဖျောက်သည့် ရာအိမ်မှူးပါ ငါးဦးအနက် နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဇွန် ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။ 
ဇွန် ၂၁ ရက် ညပိုင်းတွင် တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာနေ သိန်းဇော်ဦးသည် သူငယ်ချင်းများ ဖြစ်သည့် ဖားမျက်လုံး၊ နိုင်လင်းထွန်း၊ မောင်မောင်တို့နှင့်အတူ နေအိမ်တွင် အရက်သောက်နေစဉ် လွန်ခဲ့သည့် ရှစ်လခန့်က အပေါင်ဆိုင်၌ ပြန်လည် ရွေးယူနိုင်ခြင်း မရှိသေးသည့် ဘက်ထရီတစ်လုံးနှင့် ပတ်သက်၍ စကားများခဲ့ဖူးသည့် တစ်ရွာတည်းနေ ရာအိမ်မှူး ဖိုးထောင်၊ အာကာ၊ ဖိုးနီ (၁)၊ ပါစတီးနှင့် ဖိုးနီ(၂)တို့ ဝမ်းကွဲညီအစ်ကို ငါးဦးတို့ ရောက်ရှိလာခဲ့ကာ သိန်းဇော်ဦးပါ လေးဦးအား ရဲစခန်းသို့ လိုက်ခဲ့ရန် ခေါ်ဆိုခဲ့ကြောင်း သိရသည်။ 
ထို့နောက် သိန်းဇော်ဦးပါ လေးဦးမှာ မလိုက်နိုင်ကြောင်း ပြောဆိုသဖြင့် ဖိုးထောင်နှင့် ၎င်း၏ ဝမ်းကွဲညီအစ်ကို လေးဦးတို့မှာ “ဟေ့ကောင် မင်းတို့က ဘယ်လောက် သတ္တိရှိလို့လဲ”ဟု ပြောဆိုကာ သိန်းဇော်ဦး၏ နေအိမ် ပြတင်းပေါက် နှစ်ပေါက်အား အသင့်ပါလာသည့် ဓားဖြင့် ဝိုင်းခုတ်ခဲ့ကြောင်း၊ ယင်းသို့ ခုတ်သဖြင့် သိန်းဇော်ဦးပါ လေးဦးမှာ လိုက်သွားခဲ့ကြောင်း သိရသည်။ 
ယင်းသို့ လိုက်သွားသဖြင့် သိန်းဇော်ဦး၏ ဇနီးဖြစ်သူက ဇွန် ၂၂ ရက်တွင် သက်ဆိုင်ရာ ရဲစခန်းသို့ လိုက်ပြီး စုံစမ်းရာ ၎င်း၏ ခင်ပွန်းနှင့် ခင်ပွန်း၏ သူငယ်ချင်းတို့မှာ စခန်းသို့ လာရောက်ခဲ့ခြင်း မရှိကြောင်း သိရသဖြင့် တရားလိုပြုလုပ်ကာ ဖိုးထောင်နှင့် ၎င်း၏ ဝမ်းကွဲညီအစ်ကို လေးဦးတိုအား အမှုဖွင့် တိုင်တန်းခဲ့ကြောင်း သိရသည်။ 
ဖြစ်စဉ်မှ ရာအိမ်မှူး ဖိုးထောင်အား ဇွန် ၂၂ ရက်တွင် တံခွန်တိုင်ကျေးရွာ စက်လှေဆိပ်၌ ဖမ်းဆီးရမိခဲ့ပြီး ဇွန် ၂၃ ရက်တွင် ပါစတီးမှာ သက်သေခံ ဓားနှင့်အတူ ကျေးရွာအုပ်ချုပ်ရေး မှတစ်ဆင့် ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။ 
ဖမ်းဆီးရမိသူ နှစ်ဦးအား ရဲတပ်ဖွဲ့က စစ်ဆေးရာ သိန်းဇော်ဦးပါ လေးဦးမှာ လွန်ခဲ့သည့် ငါးရက်ခန့်က ပါစတီး၏ တူဖြစ်သူ၏ နေအိမ်ပေါ်သို့ တက်ကာ ၎င်း၏တူအား လည်ပင်း ဓားထောက်ပြီး ခြိမ်းခြောက်ခဲ့ကြောင်း၊ ထို့ပြင် ပါစတီး၏ အခြားတူ တစ်ဦးကိုလည်း ခြိမ်းခြောက်ခဲ့ဖူးကြောင်း၊ ထိုသို့ ခြိမ်းခြောက်သဖြင့် ရာအိမ်မှူး ဖိုးထောင်က “ငါ့ညီတွေကို ခြိမ်းခြောက် စိန်ခေါ်နေတာ ဘယ်သူတွေလဲ”ဟု ပြောဆိုသည့် အချိန်တွင် သိန်းဇော်ဦးပါ လေးဦးက ဖိုးထောင်အား ဓားဖြင့် လိုက်ခုတ်၊ လေးခွဖြင့် ပစ်သဖြင့် ဖိုးထောင်မှာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။ 
အဆိုပါ ဖြစ်စဉ်များကြောင့် ရာအိမ်မှူး ဖိုးထောင်နှင့် ၎င်း၏ ဝမ်းကွဲ ညီအစ်ကို လေးဦးတို့မှာ လူစုပြီး သိန်းဇော်ဦး၏ နေအိမ်ပေါ်သို့ တက်ကာ နေအိမ် ပြတင်းပေါက်များကို ဓားဖြင့်ခုတ်ပြီး သိန်းဇော်ဦးပါ လေးဦးအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် နိုင်လင်းထွန်းနှင့် သိန်းဇော်ဦးကို တစ်တွဲ၊ မောင်မောင်နှင့် ဖားမျက်လုံးတို့အား တစ်တွဲ ကြိုးနှင့်တုပ်၍ စက်လှေဖြင့် ခေါ်ဆောင်လာစဉ် တွံတေးတူးမြောင်းအတွင်း၌ သိန်းဇော်ဦး၊ နိုင်လင်းထွန်းနှင့် မောင်မောင်တို့အား ဓားများဖြင့် ဝိုင်းဝန်း ထိုးခုတ်ပြီး တူးမြောင်းအတွင်းသို့ ပစ်ချထားခဲ့ကြောင်း သိရသည်။ 
ထို့နောက် ဖားမျက်လုံးမှာ ရာအိမ်မှူး ဖိုးထောင်တို့နှင့် ဆွေမျိုးသားချင်း ဖြစ်သဖြင့် ထိုးကြိတ်ဆုံးမပြီး ပြန်လွှတ်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ချက်အရ သိရသည်။ 
ဇွန် ၂၃ ရက်တွင် မောင်မောင်၏ အလောင်းကို လည်းကောင်း၊ ဇွန် ၂၄ ရက်တွင် သိန်းဇော်ဦးနှင့် နိုင်လင်းထွန်းတို့၏ အလောင်းအား တွံတေးတူးမြောင်းအတွင်းမှ ပြန်လည် ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။ 
ဖြစ်စဉ်မှ ကျုးလွန်သူ ငါးဦးအား တွံတေးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂/ ၃၆၄/၄၅၂/၄၂၇/၁၁၄ တို့ဖြင့် အမှုဖွင့်ထားပြီး ရာအိမ်မှူး ဖိုးထောင်နှင့် ပါစတီး တို့အား ဖမ်းဆီးထားပြီး ကျန်ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။ 

Eleven Media Group

0 comments:

Post a Comment