Monday, June 24, 2019

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာမှု ရှိစေရန် သန္နိဋ္ဌာန်ချထားပြီး စစ်ဘေးရှောင်များပါ မဲပေးနိုင်ရန် လုပ်ဆောင်မည်ဟု UEC အဖွဲ့ဝင် ပြောကြား

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး အများယုံကြည် လက်ခံသည်အထိ ပွင့်လင်းမြင်သာမှု ရှိစေရန် သန္နိဋ္ဌာန်ချထားပြီး စစ်ဘေးရှောင်များပါ မဲပေးနိုင်ရန် လုပ်ဆောင်ရန် ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် နှင့် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်နိုင်က ပြောကြားသည်။ 
ဇွန် ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင် ပတ်သက်သူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ၌ ဦးမြင့်နိုင်က ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
“၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သန္နိဋ္ဌာန်ချထားတဲ့ ဥပဒေနဲ့အညီ လွတ်လပ်ရမယ်၊ မျှတရမယ်၊ အများယုံကြည် လက်ခံရမယ်၊ ပွင့်လင်းမြင်သာရမယ်၊ မဲဆန္ဒရှင် ပြည်သူတွေရဲ့ ရလဒ်အမှန်ကို ထုတ်ပြန်နိုင်ရမယ်ဆိုပြီး ဦးတည်ချက် ငါးရပ်ပေါ့လေ။ ဒါတွေနဲ့ ကျင်းပဖို့ကို ပထမဆုံး မဟာဗျူဟာ စီမံကိန်းဆိုပြီး ရေးဆွဲပါတယ်။ မဟာဗျူဟာ စီမံကိန်းမှာမှ အချက် ၁၂ ချက် နဲ့ ဘယ်အဆင့်ပြီးရင် ဘာဆောင်ရွက်မယ် ဆိုတဲ့ အချက်တွေလည်း ရှိပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာ ကျွန်တော်တို့ ၂၀၁၀၊ ၂၀၁၅၊ ၂၀၁၇၊ ၂၀၁၈ ရွေးကောက်ပွဲတွေရဲ့ အတွေ့အကြုံပေါ် မူတည်ပြီးတော့ ဒီ ၂၀၂၀ ကတော့ ပိုအားကောင်းတဲ့ စစ်မှန်တဲ့ ရွေးကောက်ပွဲကြီး ကျင်းပနိုင်အောင် ကျွန်တော်တို့ သက်ဆိုင်ရာ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဒါတွေအားလုံး ပူးပေါင်း ပါဝင်နိုင်ရင်တော့ ကောင်းမယ်ဆိုတဲ့ သဘောနဲ့ ဒီတွေ့ဆုံမှု၊ စီမံချက်လေးကို ရေးဆွဲဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။ 
ရွှေ့ပြောင်း လုပ်သားများနှင့် စစ်ဘေးရှောင်များ မဲပေးနိုင်ရေးနှင့် ပတ်သက်၍လည်း စာရင်းကောက်ခံ ဆောင်ရွက်သွားမည်ဟု ဦးမြင့်နိုင်က ပြောကြားသည်။ 
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က “ရွှေ့ပြောင်း လုပ်သားတွေ၊ စစ်ဘေးရှောင်တွေ၊ မသန်စွမ်းတွေ စသည်ဖြင့်ပေါ့။ အားလုံး ကျွန်တော်တို့ မဲဆန္ဒပေးပိုင်ခွင့် ရှိတဲ့သူမှန်သမျှ ဆန္ဒမဲပေးနိုင်ဖို့ စီစဉ်ထားတယ်။ စစ်ဘေးရှောင်တွေသည် ဘယ်ဒေသ၊ ဘယ်နေရာမှာ ရောက်နေသလဲ။ ရွှေ့ပြောင်း လုပ်သားတွေသည် ဘယ်နေရာတွေမှာ ရောက်နေသလဲ။ ဒါတွေလည်း ကျွန်တော်တို့ စာရင်းကောက်ခံဖို့ ပါပါတယ်။ အဲဒီတော့ သူတို့တတွေသည် ဘယ်နေရာမှာ ရောက်နေကြတယ်။ ဘယ်နှယောက် ရှိသလဲ။ ဒီရဲ့ ဒေတာတွေ ရတဲ့အခါမှာဆိုရင် သူတို့ကို ကျွန်တော်တို့ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ ဘယ်လို ဆန္ဒမဲပေးနိုင်အောင် လုပ်မလဲ။ အဲဒီနေရာတွေမှာသွားပြီး လုပ်မလား စသည်ဖြင့် ဒါတွေက အချက်တွေအားလုံး ရရှိတဲ့အခါမှာ သူတို့ကိုလည်း မကျန်အောင်၊ မဲပေးပိုင်ခွင့် ရှိအောင်ဆိုပြီး ကျွန်တော်တို့က လျာထား ထားပါတယ်” ဟု ဆိုသည်။ 
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲစာရင်းကို သုံးလအတွင်း ပြုစုသွားရန် ရည်မှန်းထားပြီး မြို့နယ်အားလုံး လိုလိုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် လျာထားကြောင်း သိရသည်။ 
ထို့ပြင် လက်ရှိ သတ်မှတ်ထားသည့် ကိုယ်စားလှယ် တစ်ဦးက မဲဆွယ် စည်းရုံးရာတွင် ကျပ်သိန်း ၁၀၀ သာ သုံးစွဲခွင့် ရှိသည့်အပေါ် နည်းသည်ဆိုပြီး ပြောဆိုမှုများ ရှိနေသည့်အတွက် ပြန်လည်စိစစ်နေပြီး မည်မျှ တိုးမယ်ဆိုသည်ကို မသိရသေးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။ 
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင် ပတ်သက်သူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး က ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲစာရင်းပြုစုခြင်း လုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသည့် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အဖွဲ့များဘက်က မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့သည်။ 

Eleven Media Group 

0 comments:

Post a Comment