နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) ဂရန် လျှောက်ထားမှု ပြည်ထောင်စု ဥပဒေချုပ်ရုံးက ပြန်ကြားမှု ပေါ်မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဌာနမှူး ဦးသစ္စာက ပြောကြားသည်။
“ပြည်ထောင်စုဥပဒေချုပ်ရုံးက ပြန်ကြားလာတဲ့ ပြန်ကြားမှုပေါ် မူတည်ပြီး မြေစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ဥပဒေချုပ်ရုံးကနေ ပြီးတော့ ဘယ်လိုဥပဒေကြောင်းအရ ဆောင်ရွက်ပါဆိုရင် အဲဒီဥပဒေကြောင်းအရ ကျွန်တော်တို့ မြေစီမံခန့်ခွဲမှုဥပဒေနဲ့ ပေါင်းစပ်ပြီးတော့ စီမံခန့်ခွဲပေးသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
မြေဂရန်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေက လျှောက်ထားစဉ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မြို့ပြစီမံကိန်း၏ လုပ်ထုံးလုပ်နည်းနှင့်အညီ သတင်းစာတွင် ကြေညာခဲ့ကြောင်းနှင့် ယင်းသို့ ကြေညာပြီးနောက် ဦးအောင်ဆန်းဦး၏ ရှေ့နေမှလည်း ကန့်ကွက်မှုများရှိခဲ့သည့်အတွက် ပြည်ထောင်စု ဥပဒေချုပ်ရုံးသို့ အကြံဉာဏ် တောင်းခံခဲ့ကြောင်း ဦးသစ္စာက ထပ်လောင်းပြောဆိုသည်။
“ဒေါ်ခင်ကြည်ပိုင်တဲ့ မြေကွက်ကို ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ပြည်ထောင်စု တရားလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဂရန်လျှောက်ထားပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ရှိရင် မြေကွက်ပေါင်းစည်းတာ၊ မြေဂရန် လျှောက်ထားတာတွေကို အခြားသက်ဆိုင်ရာ အာဏာပိုင်တွေကနေ ပြီးတော့ လုပ်ထုံးလုပ်နည်းနဲ့ ဆောင်ရွက်နေပါတယ်”ဟု ဦးသစ္စာက ဆိုသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေနှင့် လုပ်ထုံးလုပ်နည်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရကြောင်း၊ အဆိုပါ ဂရန်ကိစ္စနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့် အကြောင်းအရာများ မသိရှိပါက ဥပဒေချုပ်ရုံးသို့ မေးမြန်းရကြောင်း၊ ဥပဒေချုပ်ရုံး၏ ဖြေကြားချက်များနှင့်အညီ ဆောင်ရွက်မှုရှိသည်ကို ပြန်လည်ဖြေကြားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါ တက္ကသိုလ်ရိပ်သာလမ်း ခြံနံပါတ် (၅၄) သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေသော နေရာဖြစ်ပြီး အဆိုပါခြံကို တစ်ဝက်စီ ပိုင်ဆိုင်ရန် တရားရုံးက အဆုံးအဖြတ်ပေးခဲ့သည်။
The Voice






0 comments:
Post a Comment