Thursday, July 25, 2019

နိုင်ငံခြားအရက်တင်သွင်းမှု တန်းတူယှဉ်ပြိုင်ရန် လိုအပ်ဟု ယမကာအသင်းဆို

မြန်မာနိုင်ငံ ယမကာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း (MLA) က နိုင်ငံခြားမှ အရက်တင်သွင်းခြင်းကို မဆန့်ကျင်သော်လည်း တရားမျှတ၍ တန်းတူယှဉ်ပြိုင်နိုင်ရန် လိုအပ်နေကြောင်း ယင်းအသင်း၏ ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောကြားသည်။
“စီးပွားရေးမှာ ပါဝင်ဆက်နွှယ်သူတွေ အားလုံးအတွက် တန်းတူရည်တူ ယှဉ်ပြိုင်မှု Level Playing Field ရှိစေချင်တယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ စတင်အကောင်အထည်ဖော်ဖို့ ဆန္ဒရှိတဲ့ ဘယ်လိုယမကာ စီးပွားရေးလုပ်ငန်းမဆို ကန့်ကွက်ပိတ်ဆို့မှုမျိုးတွေကို မပြုလုပ်ဘဲ သူတို့ရဲ့လုပ်ငန်း လည်ပတ်ခြင်းတွေ၊ ထုတ်လုပ်မှုတွေကို အခြေချနိုင်အောင် ထောက်ပံ့ပေးပါတယ်။ ဒါမှမဟုတ် သူတို့အနေနဲ့ ကုန်ပစ္စည်းတွေပဲ တင်သွင်းမယ်ဆိုရင်လည်း ခွင့်ပြုသင့်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းထုတ်လုပ်သူတွေမှာလည်း ပြည်တွင်းဖြစ်ထုတ်လုပ်ရခြင်းအတွက် အပြစ်ပေးခံရတဲ့ အနေအထားမျိုးတော့ မဖြစ်သင့်ပါဘူး” ဟု ၎င်းက ပြောဆိုသည်။

၂၀၁၅ ခုနှစ်မှစတင်၍ ပြည်တွင်းသို့ ဝိုင်တင်သွင်းခြင်းကို နည်းဥပဒေများ ချမှတ်ခွင့်ပြုခဲ့သော်လည်း လက်ရှိအချိန်အထိ မှန်ကန်သည့် အခွန်ဆောင်မှုများကို မတွေ့ရှိရသေးကြောင်း မြန်မာနိုင်ငံ ယမကာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်းထံမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အခွန် ငွေပမာဏ ကျပ် ၁၈၀ ဘီလီယံကျော်ကို ပေးဆောင်ခဲ့ပြီး ပြည်တွင်းလုပ်ငန်းရှင်များအနေနှင့် အခွန်တိကျစွာ ပေးဆောင်ရခြင်းဖြစ်ကြောင်း ယင်းအသင်းက ဆိုသည်။ 

ပြည့်ဖြိုးမြင့်မွန်
The Voice

0 comments:

Post a Comment