Tuesday, July 2, 2019

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ ဦးလှဆွေနှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ကို သူရဦးရွှေမန်းယာဉ်မောင်းက နိုင်လွတ်လုံဥပဒေ ပုဒ်မ-၁၀ ဖြင့် အမှုဖွင့်ထား


ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးလှဆွေနှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ကို သူရဦးရွှေမန်း၏ ယာဉ်မောင်းက နိုင် လွတ်လုံဥပဒေပုဒ်မ-၁၀ ဖြင့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ပတ္တာနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အဆိုပါ နယ်မြေရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ဇူလိုင်၂ ရက်တွင် စံတော်ချိန်သို့ အတည်ပြုပြောကြားသည်။ 
ပတ္တာနယ်မြေရဲစခန်း တာဝန်ကျ ရဲအရာရှိတစ်ဦးက "ယာဉ်မောင်း ဦးမျိုးမင်း လတ်က အမှုဖွင့်ထားတာတော့ ဟုတ်ပါတယ်။ လောလောဆယ်မှာ ရဲစစ်ဆေးတဲ့ကာလ ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့က တချို့အရာတွေကို ပြောလို့ အဆင်မပြေပါဘူး။ နောက်တစ်ခါ သက်သေတွေရဲ့ ထွက်ချက်အတိုင်း အတည်ပြုရတယ်။ ပြောပြနိုင်တာ ကတော့ ရဲလုပ်ငန်းတွေပြီးစီးတဲ့အခါကျမှပဲ ပြောပြလို့ရမှာပါ။ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးအရ ဖြစ်တဲ့အတွက် အဲဒါကတော့ ပြောလို့မရဘူး။ ရဲစစ်ဆေးနေတဲ့အချိန် ဖြစ်လို့ပြောလို့မရ ဘူး။ သက်သေတွေအားလုံးကို စစ်ပြီးတဲ့အချိန်မှပဲ ပြောလို့ရမယ်"ဟု ပြောဆိုသည်။ 
အဆိုပါ တိုင်ကြားမှုကို သူရဦးရွှေမန်း၏ ယာဉ်မောင်းတစ်ဦးဖြစ်သည့် ဦးမျိုးမင်းလတ်က ဧပြီ ၃၀ ရက်ကတည်းက ပတ္တာနယ်မြေရဲစခန်းတွင် သွားရောက်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
ယင်းကိစ္စနှင့်ပတ်သက်၍ သူရဦးရွှေမန်းနှင့် နီးစပ်သူ တစ်ဦးအား မေးမြန်းခဲ့ရာယင်းအမှုဖွင့်တိုင်ကြားမှုနှင့် ပတ်သက်၍ အတိအကျ မသိရသေးကြောင်း ပြောကြားသည်။ 
"ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့က တကယ်မသိတာပါ။ တိုင်ကြားတဲ့ သူက လက်ရှိကားမောင်းတဲ့သူ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ ကျွန်တော်ကတော့ ဘေးလူ တစ်ယောက်အနေနဲ့ပဲ ပြောလို့ရတာပါ။ ကျွန်တော်လည်း ဘာမှမသိပါ ဘူး"ဟု ဖြေကြားသည်။ 
နိုင်လွတ်လုံဥပဒေပုဒ်မ-၁၀ဖြင့် အမှုဖွင့်တိုင်ကြားခံရခြင်းသည် မှန်ကန်ကြောင်းနှင့် တိုင်ကြားသူမှာ သူရ ဦးရွှေမန်း၏ ယာဉ်မောင်းဖြစ်ကြောင်း ရဲတာဝန်ရှိသူတစ်ဦးက လာရောက် ပြောကြားထားကြောင်း ဦးလှဆွေက စံတော်ချိန်သို့ ဖြေကြားသည်။ 
"အဲဒါဟုတ်တယ်ဗျ။ ကျွန်တော့်အိမ်ကို ရဲလေးယောက် လာသွားတယ်။ စခန်းမှူးရယ်၊ အမှုစစ်ရယ် လာသွားတယ်။ အမှုဖွင့်ထားတဲ့အကြောင်း၊ တိုင်ကြားထားတဲ့အကြောင်း ပြောသွားပါတယ်။ ဇူလိုင် ၆ ရက်မှာ ကျွန်တော်နေပြည်တော် ပုဗ္ဗသီရိရဲစခန်းကို သွားပြီးတော့ သူတို့မေးတာ ဖြေမယ်ပေါ့။ NLD လက်ထက်မှာ အတည်ပြုထားတဲ့နောက်ယောင်ခံမလိုက်ရ ဥပဒေလေ။ အဲဒီဥပဒေရဲ့ ပုဒ်မ-၁၀နဲ့ အမှုဖွင့်ထားတာလို့ ပြောတယ်။ ကျွန်တော်လည်း ပုဒ်မ-၁၀ ပဲ။ ကိုရဲထွဋ်လည်း ပုဒ်မ-၁၀ ပဲ။ ဦးဘိုဘိုကျော်ငြိမ်းလည်း ပုဒ်မ- ၁၀ ပဲ။ အမှုဖွင့်ထားတဲ့အပေါ် ကျွန်တော်တို့ကတော့ ဘာမှမပြောချင်ပါဘူး။ဘာမှ မတုန်လှုပ်ပါဘူး။ ကျွန်တော်တို့က အမှန်တွေပဲ ပြောတာလေ။အမှုဖွင့်တဲ့သူကဦးရွှေမန်းရဲ့ ယာဉ်မောင်းလို့ ရဲကတော့ ကျွန်တော့်ကို အဲဒီလို ပြောတယ်"ဟု ဦးလှဆွေကပြောဆိုသည်။ 
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ -၁၀ တွင် "မည်သူမဆို ပုဒ်မ-၇ ပါ တားမြစ်ချက်ကိုသော်လည်းကောင်း၊ ပုဒ်မ-၈ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကိုသော်လည်းကောင်း ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးခြောက်လမှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ၁၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်"ဟု ပြဋ္ဌာန်းထားသည်။ 
သတင်း - နောင်လေး
The Standard Time Daily 

0 comments:

Post a Comment