ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ တိုက်ပွဲများဖြစ်ပွားနေသည့် မြို့နယ်များကို အင်တာနက် ဝန်ဆောင်မှု ဖြတ်တောက်ထားသည့်အပေါ် စိုးရိမ်နေပြီး ဝန်ဆောင်မှု ပြန်လည်ရရှိသင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောကြားချက်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေနှင့် ရခိုင်ပြည်နယ် မြို့နယ် ရှစ်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို ပြီးခဲ့သည့် ဇွန်လအတွင်းက အင်တာနက် အသုံးပြုမှုကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ အကြမ်းဖက်မှုများ သက်ရောက်လျက်ရှိသော နေရာများတွင် အင်တာနက်ကို အခြေပြု၍ ဆက်သွယ်မှုပြုနေကြသော လူဦးရေ တစ်သန်းခန့်အတွက် အဆက်အသွယ်ဖြတ်တောက်မှု ဖြစ်စေသည့် မိုဘိုင်းလ် ဒေတာဝန်ဆောင်မှုများ ပြတ်တောက်နေခြင်းအတွက် အမေရိကန်ပြည်ထောင်စုက များစွာစိုးရိမ်မကင်းဖြစ်ရကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အင်တာနက်ဝန်ဆောင်မှု နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ပြန်လည်ရရှိသင့်ကြောင်း၊ ဝန်ဆောင်မှုပြန်လည်ရရှိခြင်းဖြင့် အစိုးရက ဆောင်ရွက်နေသော တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု၊ တာဝန်ယူ မှုရှိခြင်းကို လွယ်ကူချောမွေ့စေမည်ဖြစ်ပြီး နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ထပ်မံထိခိုက်ခြင်းကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်းလည်း သံရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကြမ်းဖက်မှု ဖြစ်ပွားနေသော နေရာများသို့ လူသားချင်းစာနာထောက်ကူမှု အပြည့်အဝရောက်ရှိရေးနှင့် မီဒီယာများ သွားရောက်ခွင့်ရရှိရေး၊ လူ့အခွင့်အရေး အလွဲသုံးသူများနှင့် ချိုးဖောက်သူများအား တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရေးအတွက် အမေရိကန်ပြည်ထောင်စုက တောင်းဆိုကြောင်းလည်း ဖော်ပြထားသည်။
အဆိုပါ အင်တာနက်ဖြတ်တောက်မှုအပေါ် ဒစ်ဂျစ်တယ်အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းအချို့ကလည်း ဝေဖန်မှုများရှိနေကာ ပြန်လည်ရုပ်သိမ်းပေးရန် ထုတ်ပြန်ချက်တစ်စောင်ကိုလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ပြန်ထားသည်။
ယင်းသို့ အင်တာနက်ဝန်ဆောင်မှု ရပ်ထားသည့်အတွက် အဆိုပါ ဒေသများတွင် စစ်ဘေးရှောင်များအတွက် အခက်အခဲရှိပြီး တိုက်ပွဲသတင်းများ လွယ်လင့်တကူ စီးဆင်းနိုင်ခြင်း မရှိသည့်အတွက်လည်း အခက်အခဲဖြစ်နေကြောင်း ပလက်ဝတွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသည့် ကိုထွန်းမင်းဦးက ပြောကြားသည်။
“တိုက်ပွဲတွေ ဘယ်ရွာမှာဖြစ်နေတယ်၊ ဘယ်လို အကူအညီတွေ လိုနေတာတွေကို အလွယ်တကူ မသိရတော့ဘူးဖြစ်တာပေါ့။ ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း အလွယ်တကူဖြစ်လာနိုင်တယ်”ဟု ၎င်းက သုံးသပ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ဘူးသီးတောင် အစရှိသည့် မြို့များနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့များတွင် အင်တာနက် ဝန်ဆောင်မှုများဖြတ် တောက်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အော်ပရေတာ အားလုံးကို ဇွန်လ ၂၂ ရက်နေ့က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အင်တာနက်ဖြတ်တောက်မှုအပေါ် ဆက်သွယ်ရေးဝန်ကြီးဌာနက အများပြည်သူလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုအရ တရားဥပဒေစိုးမိုးမှု မရှိသည့် အခြေအနေပေါ်မူတည်ပြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

The Voice
No comments:
Post a Comment