ဝန်ထမ်းလုပ်ရခြင်းသည် စီးပွားရေးလုပ်ငန်းရှင်များလောက် ဝင်ငွေမကောင်း၊ ဂုဏ်မရှိဟု အချို့ကထင်ကြမည်ဖြစ်သော်လည်း နိုင်ငံတစ်နိုင်ငံ၏ ကျောရိုးသည် ကောင်းမွန်သည့် ဝန်ထမ်းအဆောက်အအုံတစ်ခုပင်ဖြစ်ပြီး ကျောရိုးတောင့်မှ နိုင်ငံသည်လည်း တောင့်မည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်းနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင် ၂ ရက် နံနက်ပိုင်းက နိုင်ငံတော် သမ္မတရုံး စုပေါင်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက် အမှာစကားပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
“နိုင်ငံ့ဝန်ထမ်းလုပ်ရတယ်ဆိုတာက ချမ်းသာတဲ့နိုင်ငံတွေနဲ့ မချမ်းသာတဲ့ ကျွန်မတို့နိုင်ငံလို ဖွံဖြိုးဆဲနိုင်ငံတွေနဲ့ အခြေအနေချင်းက မတူပါဘူး။ အခြေအနေချင်း မတူဘူးဆိုပေမဲ့ ကိုယ့်တာဝန်ကျေပွန်မှုမှာဆိုရင် ကိုယ့်တာဝန်ကျေပွန်ရင် ကမ္ဘာက ဘယ်လောက်ပဲ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်စေ ဘယ်လောက်ပဲ ချမ်းသာတဲ့နိုင်ငံဖြစ်စေ၊ အဲဒီက နိုင်ငံတွေကဝန်ထမ်းတွေနဲ့ ကိုယ်ကရင်ပေါင်တန်းနိုင်ပါတယ်။ နောက်ဆုံးကျတော့ တာဝန်ကျေမှုပါပဲ။ ဒီလိုတာဝန်ကျေမှု စိတ်ဓာတ်ကို ကိုယ့်သားသမီးတွေကို ပေးလိုက်မယ်ဆိုရင် ဒါကတော့ အကောင်းဆုံး အမွေအနှစ်ပဲလို့ ကျွန်မကတော့ ယူဆပါတယ်။ ဒါကြောင့် ဝန်ထမ်းများအနေနဲ့ နိုင်ငံ့ဝန်ကိုထမ်းရတာ ဂုဏ်ယူသလို ဝန်ထမ်းသားသမီးများအနေနဲ့ ကိုယ့်မိဘများဟာ နိုင်ငံ့ဝန်ကို ထမ်းတဲ့ပုဂ္ဂိုလ်တွေဆိုပြီး ဂုဏ်ယူစေချင်ပါတယ်။ တချို့တွေက ဝန်ထမ်းလုပ်ရတာဟာ စီးပွားရေးလုပ်ငန်းရှင် တွေလောက်ဝင်ငွေ မကောင်းဘူး။ ဂုဏ်မရှိဘူးလို့ ထင်ရင်လည်းထင်ကြမယ်။ ဒါပေမဲ့ နိုင်ငံတစ် နိုင်ငံရဲ့ ကျောရိုးဟာ ကောင်းမွန်တဲ့ ဝန်ထမ်းအဆောက်အအုံ တစ်ခုပါပဲ။ နိုင်ငံတစ်နိုင်ငံရဲ့ ကျောရိုးတောင့်မှ နိုင်ငံဟာလည်း တောင့်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ ဂုဏ်ပြုနေတဲ့ ကျောင်းသူ ကျောင်းသားတွေထဲက ဝန်ထမ်းလောကထဲကို ဝင်ချင်မယ့် ကျောင်းသူကျောင်းသားတွေလည်း ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ ဝန်ထမ်းတွေရဲ့ အဆင့်မြင့်လာတာနဲ့အမျှ ဝန်ထမ်းလောကထဲကို ဝင်လာတဲ့ လူငယ်တွေလည်း များလာမယ်လို့ မျှော်လင့်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
အထူးသဖြင့် ယောက်ျားလေးများကို ဝန်ထမ်းလောကထဲသို့ဝင်ရန် ဆွဲဆောင်လိုကြောင်း၊ ဝန်ထမ်းများထဲတွင် အမျိုးသမီးများများလာပြီး အမျိုးသားများ နည်းလာကြောင်း၊ အမျိုးသမီး အမျိုးသားတန်းတူညီရေးဆိုသည်မှာ မျှမျှတတဖြစ်စေလိုကြောင်း၊ တချို့နေရာများတွင် အမျိုးသမီးများက အားသာပြီး တချို့နေရာများတွင် အမျိုးသားများက အားသာကြောင်း၊ နေရာတိုင်းတွင် တစ်ဦးချင်း တစ်ဦးချင်း အားနည်းချက်နှင့် အားသာချက်ရှိကြကြောင်း၊ ပူးပေါင်းဆောင်ရွက်မှ ပြီးပြည့်စုံနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒုတိယဝန်ကြီး ဦတင်မြင့်က အမြဲတမ်းအတွင်းဝန် ဦးခင်လတ်၊ အမြဲတမ်း အတွင်းဝန် ဦးဇော်သန်းသင်းတို့က ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့သူများနှင့် ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများအား အသီးသီး ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့် နိုင်ငံတော်သမ္မတရုံးမှ ကျောင်းသား ကျောင်းသူများ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ကျောင်းသားကျောင်းသူများ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ ကျောင်းသားကျောင်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
Eleven Media Group







0 comments:
Post a Comment