Thursday, July 25, 2019

တောင်သမန်အင်းရေမှာ ဦးပိန်တံတားနှင့် သုံးပေအလိုခန့်အထိ မြင့်တက်လာပြီး တာရိုးအနိမ့်ပိုင်းနေရာများ ရေကျော်နေ


မန္တလေး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းရေမှာ ဧရာဝတီမြစ်ရေ မြင့်တက်မှုနှင့်အတူ မြစ်နှင့်ဆက်စပ်သည့် အင်းရေဝင်ပေါက်များမှ ရေဝင်ရောက်လာသည့်အတွက် ဇူလိုင် ၂၄ ရက် ညနေပိုင်းတွင် ဦးပိန်တံတား နှင့် သုံးပေခန့်အလိုအထိ မြင့်တက်မှုရှိလာပြီး အင်းတာပေါင်နေရာတချို့တွင် ရေကျော်မှုများဖြစ်ပေါ်သည့်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက တာရိုးတစ်လျှောက်နိမ့်သည့်နေရာများတွင် သဲအိတ်ချခြင်းများ ပြုလုပ်ထားကြောင်း သိရသည်။

ဧရာဝတီမြစ်ရေ မန္တလေးမြို့ရေမှတ်မှာ လက်ရှိတွင် စိုးရိမ်ရေမှတ်အောက် လျော့ကျသွားပြီဖြစ်သော်လည်း တောင်သမန် အင်းသို့ရေဝင်ရောက်မှုမှာ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး ဇူလိုင် ၂၀ ရက်မှစတင်ကာ အင်းရေမြင့်တက်လာခဲ့ရာ ဇူလိုင် ၂၄ ရက် ညနေပိုင်းတွင် သိသိသာသာမြင့်တက်လာခဲ့ပြီး တောင်သမန်အင်းတာပေါင်လမ်းဘေး တချို့သို့ ရေများစိမ့်လျှံတက်မှုဖြစ်လာခဲ့ကြောင်း၊ လက်ရှိတွင် လမ်းပေါ်ရေအနည်းငယ်ကျော်မှုသာရှိပြီး သွားလာရေးအတွက် အခက်အခဲမဖြစ်သေးကြောင်း သိရသည်။
“စုံနှစ်တွေမှာ ရေကြီးတာများတယ်။ မနှစ်ကထက်စာရင် ခြောက်ပေလောက်ပိုတယ်။ မနှစ်က ရေမအောင်ဘူး။ ဒီနှစ်က မနှစ်ကထက်စာရင် ရေဝင်တယ်။ အောင်ရေ လို့ခေါ်လို့ရတယ်။ ရေတက်တာကတော့ ၂၀ ရက်နေ့ကနေစပြီး တက်လာတယ်။ ဧရာဝတီမြစ်ရေကျပေမယ့် ဒီမှာတော့ အရှိန်လေးနဲ့ တက်နေသေးတယ်။ နောက်ထပ်တက်လာရင် သုံးလက်မလောက်ပဲ။ အဲဒီထက်မပိုတော့ဘူး၊ ပြန်ကျတော့မယ်။ ဘာလို့လဲဆိုရင်တော့ မြစ်ရေကလည်းပြန်ကျနေပြီဖြစ်တယ်။ သဲအိတ်ချရတဲ့ အခြေအနေကတော့ အဲဒီတာဘောင်ဘက်က ရေကာတာက အနိမ့်အမြင့်မညီတော့ နိမ့်တဲ့အပိုင်းပါတယ်။ ဒါကြောင့် ရေကျော်တာတွေရှိတဲ့အတွက် ကမ်းပါးအရမ်း မရိုက်အောင် မြို့တော်စည်ပင်နဲ့ပေါင်းပြီးတော့ သဲအိတ်တွေနဲ့ တုတ်လေးတွေတားတဲ့ သဘောပါ။ ရေအားနဲ့ရိုက်ရင် အုတ်ရိုးထိ ခိုက်မှာစိုးလို့ ကြိုတင်ကာတဲ့သဘောပါ”ဟု တောင်သမန်အင်း အပျော်စီးငှက်လှေအသင်းမှ ဦးစိုးဝင်းက ပြောကြားသည်။
လက်ရှိတွင် အင်းရေမှာ အနည်းငယ် ဆက်လက်မြင့်တက်လာနိုင်ဖွယ်ရှိသော်လည်း တံတားကြမ်းခင်းများ နစ်မြုပ်သည်အထိ တက်နိုင်ဖွယ်အလားအလာနည်းကာယခုနှစ် အင်းအတွင်းရေဝင်ရောက်မှုမှာပြီး ခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်ပါက ပိုမိုများပြားကြောင်း၊ အင်းရေမြင့်တက်မှုကြောင့် လာရောက်ကြည့်ရှုသည့်ဧည့်သည် များပြားလျက်ရှိရာ ဧည့်သည်များအန္တရာယ်မဖြစ်ရန်အတွက် ငှက်လှေအဖွဲ့သားများက တံတားအခြေအနီးနေရာများတွင် ငှက်လှေများဖြင့် စောင့်ကြည့်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုနည်းခြင်းကြောင့် တောင်သမန်အင်းသို့လည်း ရေဝင်ရောက်မှု နည်းခဲ့ပြီး အင်းအနီးဝန်းကျင်ကျေးရွာများတွင် ရေဝင်ရောက်မှုမရှိခဲ့ဘဲ ယခုနှစ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အင်းအနီးဝန်းကျင်ကျေးရွာများတွင် ရေဝင်ရောက်ခြင်းများရှိကြောင်း သိရသည်။
တောင်သမန်အင်းရေမှာ မြစ်ရေစံချိန် တင်မြင့်တက်ခဲ့သည့်နှစ်များတွင် တံတားမြုပ်သည်အထိ မြင့်တက်မှုဖြစ်ပေါ်ခဲ့ပြီး၂၀၀၄ ခုနှစ်တွင် စံချိန်တင်မြင့်တက်မှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းနောက်ပိုင်း၂၀၁၆ ခုနှစ်ကလည်း တံတားမြုပ်သည်အထိ ရေမြင့်တက်မှုဖြစ်ပေါ်ခဲ့ကာ တံတားပေါ်ဖြတ်သန်းသွားလာခြင်းအား ယာယီပိတ်ခြင်းများပြုလုပ်ခဲ့ရဖူးပြီး တံတားအနီးဝန်းကျင် အင်းစောင်းရှိ ရပ်ကွက်များသို့ပါ ရေဝင်ရောက်မှုဖြစ်ပေါ်သည့်အတွက် ရေးဘေးရှောင်စခန်းများတွင် ပြောင်းရွှေ့နေထိုင်ခြင်းများ ပြုလုပ်ခဲ့ရသည်။

Eleven Media Group

0 comments:

Post a Comment