အဂတိလိုက်စားမှု ဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ သုံးဦးတို့ကို ဇူလိုင် ၂ ရက်က တိုင်းဒေသကြီး တရားလွှတ်တော်ရုံး၌ ၁၈ ကြိမ်မြောက် အဖြစ် ရုံးထုတ်ခဲ့ပြီး GGS ကုမ္ပဏီ၏ ဒါရိုက်တာ ဦးအောင်မြတ်နှင့် အထွေထွေမန်နေဂျာ ဦးသူရအုံတို့က အချုပ်လွတ် ထုချေခွင့်ပြုရန် အာမခံ လျှောက်ထားခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် အထွေထွေမန်နေဂျာ ဦးသူရအုံတို့ လေးဦးကို ထားဝယ်အကျဉ်းထောင်မှတစ်ဆင့် ရဲတပ်ဖွဲ့ ကားသုံးစီးဖြင့် ရုံးထုတ်လာခဲ့ပြီး တရားခွင်စတင်ချိန်၌ ပြီးခဲ့သည့် ရုံးချိန်းတွင် စစ်ဆေးရန် ကျန်နေသော ရာဇဝတ်ကြီး အမှုအမှတ် (၄/၂၀၁၉) အမှုနှင့် ပတ်သက်၍ တရားလိုပြသက်သေ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပြန်ကြားရေးမှူး ဒေါ်စန်းစန်းမြင့်ကို နှစ်ဖက်ရှေ့နေများက အပြန်အလှန် စစ်မေးခဲ့ကြောင်း၊ ထို့နောက် တရားခံဘက်မှ ရှေ့နေများက GGS ကုမ္ပဏီ၏ ဒါရိုက်တာ ဦးအောင်မြတ်နှင့် အထွေထွေမန်နေဂျာ ဦးသူရအုံတို့အား အချုပ်လွတ် ထုချေခွင့်ပြုရန် အာမခံ လျှောက်ထားခဲ့ကြောင်း သိရသည်။
“ဒေါက်တာလဲ့လဲ့မော်ရဲ့အမှုမှာ မနေ့က စစ်ဆေးတဲ့ ဒေါ်စန်းစန်းမြင့်ကို ရာကြီး ၄ (ရာဇဝတ်ကြီးအမှုအမှတ် ၄/၂၀၁၉) မှာ ဆက်လက်ပြီး စစ်ဆေးတယ်။ နောက် သက် သေခံအနေနဲ့ သက်သေခံတစ်ခု တင်တယ်။ မနေ့ကတင်တဲ့ သက်သေခံ ၁ နဲ့ အတူတူပဲ။ နောက်ပြီးတော့ ဒီနေ့ ဦးအောင်မြတ်နဲ့ ဦးသူရအုံတို့က အာမခံ လျှောက်ထားတယ်။ သူတို့ရဲ့ အကြောင်းပြချက်ကတော့ သူတို့က ပြစ်မှုကျူးလွန်ကြောင်း မပေါ်ပေါက်သေးတဲ့ အချိန်မှာ အာမခံပေးလို့ ရှိရင်လည်း ရပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာမခံ လျှောက်တာဖြစ်တယ်။ အဲဒီအာမခံ လျှောက်ထားမှုကို နှစ်ဖက် ၁၁ ရက် ၇ လကျမှ ကြားနာမယ်။ နောက်ရုံးချိန်းက ၁၁ ရက် ၇ လ ၂၀၁၉ ရက်နေ့နဲ့ ၁၂ ရက် ၇ လ ၂၀၁၉ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့မှာ သက်သေအဖြစ်နဲ့ ဦးဝင်းရှိန်နဲ့ ဦးမြင့်ဟိုတို့ကို စစ်ဆေးမယ်။ ဦးသိန်းထွေးရဲ့ အာမခံ လျှောက်ထားမှုကိုလည်း ၁၁ ရက်နေ့မှာ အမိန့်ချပါမယ်” ဟု တိုင်းဒေသကြီး တရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မေသက်ဦးက ပြောကြားသည်။
၁၉ ကြိမ်မြောက် ရုံးချိန်းတွင် စစ်ဆေးမည့် ဦးဝင်းရှိန်မှာ တနသာင်္ရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်းဖြစ်ပြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊ GGS ကုမ္ပဏီမှ တာဝန်ရှိသူ ဦးသိန်းထွေးနှင့် ဒါရိုက်တာ ဦးအောင်မြတ်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အရ အရေးယူပေးရန် ထားဝယ်မြို့မရဲစခန်း (ပ)၇၆၇/၂၀၁၉ ဖြင့် တိုင်ကြားထားသော အမှုနှင့် သက်ဆိုင်သူဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် လုပ်ကိုင်ခွင့်ပြုသူ နေရာ၌ လက်မှတ်ရေးထိုးထားသူ ဖြစ်ကြောင်း သိရသည်။
ဦးမြင့်ဟိုမှာ ရာဇဝတ်ကြီး အမှုအမှတ် ၁/၂၀၁၉ ၌ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် ၂၀၁၈-၁၉ မီနီဘတ်ဂျက် ငွေလုံးငွေရင်း အသုံးစာရိတ်အတွင်းမှ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများ၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုမရှိဘဲ လမ်းဦးစီးဌာနသို့ လုပ်ငန်း ၁၁ ခုအတွက် တစ်လုံးတစ်ခဲတည်း ငွေကျပ် ၁ဒသမ ၉ ဘီလျံခန့် ထုတ်ယူရန် အခွင့်အရေး ပေးအပ်ခဲ့ပြီး တံစိုးလက်ဆောင် ရယူခဲ့မှုကြောင့် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရအရေးယူပေးရန် ထားဝယ်မြို့မရဲစခန်း (ပ) ၇၆၈/၂၀၁၉ ဖြင့်တိုင်ကြားထားသော အမှုနှင့် သက်ဆိုင်သူဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်မှာ ဇူလိုင် ၁ ရက်က ပြုလုပ်သည့် ရုံးချိန်းတွင် ၎င်း၏ အာမခံ ဒုတိယအကြိမ် လျှောက်ထားမှုမှာ ပယ်ချခံခဲ့ရသည်။
ထားဝယ်မြို့မ ရဲစခန်း၌ ဖွင့်လှစ်ထားသည့် အမှုလေးခုမှာ (ပ) ၇၆၆/၂၀၁၉ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် GGS ကုမ္ပဏီမှ ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်နှင့် ဦးသူရအုံတို့အား လည်းကောင်း၊ (ပ)၇၆၇/၂၀၁၉ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်တို့အား လည်းကောင်း၊ (ပ)၇၆၈/၂၀၁၉ နှင့် (ပ)၇၆၉/၂၀၁၉ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ဒေါက်တာလဲ့လဲ့မော်အား လည်းကောင်း ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
Eleven Media Group







0 comments:
Post a Comment