
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် NLD ဦးဆောင်ဖွဲ့စည်းထားသည့် ၄၅ ဦးကော်မတီမှ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် ၂ ဦးသည် ထပ်မံနှုတ်ထွက်လိုက်ကြောင်းသိရသည်။
၄၅ဦးကော်မတီတွင် ပါဝင်သည့် ရခိုင်အမျိုးသားပါတီကိုယ်စားလှယ် ၂ဦးဖြစ်သူ ဦးအောင်ကျော်ဇံ နှင့် ဦးမြင့်နိုင်တို့ဖြစ်သည်။
ခြေ/ဥပြင်ဆင်ရေးနှင့်ပတ်သက်၍ ရရှိထားသော အချက် ၃၀၀၀ ကျော်ကို ကော်မတီအတွင်း အတည်ပြုရွေးချယ်ကြရာတွင် မဲပေးရွေးချယ်သည့် နည်းစနစ်ကို သဘောမကျသောကြောင့်ယခုကဲ့သို့ နှုတ်ထွက်ရခြင်းဖြစ်ကြောင်းစုံစမ်းသိရှိရသည်။
ပါတီဗဟိုကော်မတီ၏ သဘောထားဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကာယကံရှင် ၂ဦးကို သတင်းတမန်ကဆက်သွယ်မေးမြန်းရန်ကြိုးစားလျက်ရှိသည်။
နှုတ်ထွက်ရသည့်အကြောင်းအရင်းနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်ခင်စောဝေ က "ထွက်တာပဲကောင်းတယ်။ ဘာမှမထူးဘူးလေ။ ဟန်ပြလုပ်တာလေ" ဟု သတင်းတမန်သို့မှတ်ချက်ပြုသည်။
ဒေါ်ခင်စောဝေ က "မဲစနစ်နဲ့သွားမယ်ဆိုရင် အန်တီတို့တင်ခဲ့တဲ့အချက်တွေက ဥပဒေအဖြစ်ပြောင်းလဲနိုင်စရာမရှိဘူး" ဟု သတင်းတမန်သို့ပြောသည်။
ယမန်နေ့ကလည်း အဆိုပါ ၄၅ဦးကော်မတီဝင်တစ်ဦးဖြစ်သူ မအူပင်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းသည် လက်ညိုးထောင်မဲပေးရွေးချယ်သည်စနစ်ကို သဘောမတူသောကြောင့် ကော်မတီမှ နှုတ်ထွက်စာတင်ခဲ့သေးသည်။
၄၅ဦးကော်မတီတွင် ၁၈ ဦးမှာ NLD ပါတီမှလူများဖြစ်ပြီး အခြားနေရာများမှာ တပ်မတော်သားနှင့် နိုင်ငံရေးပါတီများဖြစ်သည်။ တပ်မတော်သားများက မည်သည့်သဘောထားဆန္ဒမှ ပါဝင်ဆွေးနွေးမဲပေးခြင်းမရှိပေ။
ပြင်ဆင်ရေးအတွက် ရရှိထားသည့် အချက် ၃၀၀၀ ကျော်မှာ NLD အပါအ၀င် နိုင်ငံရေးပါတီအသီးသီးက တင်သွင်းထားသောအချက်များဖြစ်သည်။
မဲပေးရွေးချယ်သည့်စနစ်(လက်ညိုးထောင်မဲပေးသည့်စနစ်)ကို ကျင့်သုံးလျက်ရှိရာ လူနည်းစုဖြစ်သည့် နိုင်ငံရေးပါတီများမှတင်သည့်အချက်များရွေးချယ်ခံရမှုမရှိတော့ဘဲ NLD ကတင်သည့်အချက်များသာရွေးချယ်ခံရတော့ကြောင်း သိရသည်။
သတင်းတမန်






0 comments:
Post a Comment