
Minneapolis ရဲ ၄ ဦး ရဲ့ ဖမ်းဆီးတာ ခံခဲ့ရတဲ့ အာဖရိကန်- အမေရိကန် အမျိုးသား George Floyd သေဆုံးရတာနဲ့ ပတ်သက်ပြီး ရဲတဦးကိုသာ စွဲချက်တင်ထားခဲ့ရာကနေ ဗုဒ္ဓဟူးနေ့မှာတော့ ကျန်ရဲ ၃ ဦးကိုပါ ဒုတိယအဆင့် လူသတ်မှု ဖြစ်မြောက်စေရေးအတွက် အကူအညီပေးသူတွေအဖြစ် စွဲချက်တင်လိုက်ကြောင်း Minnesota ပြည်နယ် ရှေ့နေချုပ် Keith Ellison က ကြေညာခဲ့ ပါတယ်။
မေလ ၂၅ ရက်နေ့ မှာ Floyd ကို ဖမ်းဆီးစဉ်က Derek Chauvin ကို Thomas Lane နဲ့ J.A. Keung တို့က အကူညီ ပေးခဲ့သလို Tou Thao ကတော့ သူတို့ ဘေးမှာ ရပ်နေခဲ့တာ ဖြစ်ပါတယ်။ အခု သူတို့ ၃ ဦးအတွက် ဖမ်းဝရမ်းတွေ ထုတ်ခဲ့တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် Chauvin အပေါ် မူလက တတိယအဆင့် လူသတ်မှုနဲ့ ဒုတိယအဆင့် လူသေစေမှုနဲ့ ဖမ်းဆီးထားရာကနေ Floyd ရဲ့ အလောင်းကို စစ်ဆေးတဲ့ ဆေးစစ်ချက် ၂ ခု အရ ဒါဟာ လူသတ်မှုကြောင့် သေဆုံးရတယ် ဆိုတာကို တွေ့ရတဲ့ အတွက် သူ့ကို ဒုတိယအဆင့် လူသတ်မှုနဲ့ စွဲချက် ပြောင်းလဲခဲ့တယ်လို့လည်း ပြောပါတယ်။
Floyd သေဆုံးရမှုနဲ့ပတ်သက်ပြီး ဝါရှင်တန်ဒီစီ၊ နယူးရောက် အပါအဝင် အမေရိကန် တလွှား မြို့ကြီး အ တော်များများမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာ ဗုဒ္ဓဟူးနေ့ပါ ဆိုရင် ၈ ရက် ရှိနေပြီဖြစ်ပါတယ်။ ဒီဆန္ဒပြမှုတွေဟာ အမေရိကန် နိုင်ငံတွင်းမှာသာမကပဲ အမေရိက တိုက်က ကနေဒါ၊ မက်ဆီကို၊ ဘရာဇီးလ် က Rio De Janerio နဲ့ အာဂျင်တီးနားက Buenos Aires မြို့ကြီးတွေကိုပါ ပြန့်နှံ့ သွားစေပါတယ်။ ဥရောပတိုက်မှာလည်း ကိုရိုနာဗိုင်းရပ်စေ်ကြောင့် ကန့်သတ်မှုတွေ ရှိနေတဲ့ ကြားက ဘာလင်၊ လန်ဒန်၊ Amsterdam မြို့ကြီးတွေမှာ ဆန္ဒပြ ကန့်ကွက်မှုတွေ ရှိနေသလို အာရှဒေသက Australia နဲ့ New Zealand နိုင်ငံတွေမှာပါ တွေ့ရတာပါ။
ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကလည်း အမေရိကန် နိုင်ငံက ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး လူမည်းတွေရဲ့ အသက်ကိုလည်း တန်ဖိုးထားရမှာ ဖြစ်ကြောင်း နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပိုင်ခွင့်ရှိကြောင်း လွှတ်တော်အမတ် တွေရဲ့ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့ပါတယ်။ ဒီဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး လူထုရဲ့ ဒေါသထွက်မှုကို သူနားလည် ကြောင်းနဲ့ ဒီဖြစ်ရပ်အတွက် ဝမ်းနည်းမှုကို အမေရိကန် တနိုင်ငံ ထဲတင်မကပဲ ကမ္ဘာတလွှားမှာရော ဗြိတိန်နိုင်ငံမှာပါ ခံစားရတယ်လို့လည်း ပြောပါတယ်။
Ref ; VOA
No comments:
Post a Comment