Monday, May 7, 2018

ယခုနှစ်အတွင်း ငလျင်ကြီးအန္တရာယ်စိုးရိမ်စရာ မရှိသော်လည်း သတိထားရန်လိုအပ်


၂၀၁၈ ခုနှစ်အတွင်း ငလျင်ကြီးအန္တရာယ်အတွက် စိုးရိမ်စရာမရှိသော်လည်း ပြည်သူများအနေနှင့် သတိထားရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က အကုန်သိသတင်းဌာနသို့ ပြောသည်။ 

၂၀၁၈ ခုနှစ် နှစ်စပိုင်းတွင် ဖြူးငလျင်ပြတ်ရွေ့ကြောမှ ငလျင်ငယ်များ စတင်လှုပ်ခတ်ခဲ့ပြီး ယင်းပြတ်ရွေ့ကြောရှိရာလမ်းကြောင်းအတိုင်း ငလျင်ငယ်များ ခပ်စိတ်စိတ်လှုပ်လာသည့်အတွက် ပြည်ပမှ ထောက်ပံ့ကူညီထားသော ငလျင်တိုင်းတာသည့် ခေတ်မီစက်များဖြင့် တိုင်းတာမှုများ မပြတ်ပြုလုပ်လျက်ရှိကြောင်း ၎င်းကပြောသည်။ 

“ အားလုံးသိတဲ့အတိုင်းပဲလေ။ ငလျင်ဆိုတာက တခြားသဘာဝဘေးအန္တရာယ်တွေလိုမျိုး ကြိုတင်တွက်ချက်ပြီး ထုတ်ပြောလို့ရတဲ့အရာမျိုးမဟုတ်ဘူး။ ဖြစ်လာမှပဲ သိရတာမျိုး။ ဒီနှစ်ထဲမှာငလျင်ငယ်လေးတွေ ခပ်စိတ်စိတ်လှုပ်လာတာ သိသာတယ်။ အထူးသဖြင့် ဖြူးငလျင်ပြတ်ရွေ့ကြောကနေ လှုပ်တာပိုများတယ်။ ငလျင်ကြီးတွေ လှုပ်လာနိုင်မယ့်အန္တရာယ်ကို စိုးရိမ်စရာမရှိပေမယ့် သတိတော့ထားဖို့လိုတယ်” ဟု ဦးစောထွေးဇော်က ပြောသည်။ 

ငလျင်လှုပ်သည့်အခါ မြစ်ကမ်းနှင့်နီးသည့်နေရာများ၊ မြေပျော့ပြီး လယ်ကွင်းထဲတွင် ဆောက်ထားသည့် အိမ်များအနေနှင့် ပိုသတိထားရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။ 

ငလျင်ကြီးများ မလှုပ်မီ ရှေ့ပြေးငလျင်ငယ်များ လှုပ်ခတ်တတ်ပြီး ငလျင်ကြီးများ လှုပ်ပြီးပါကလည်း နောက်ဆက်တွဲအဖြစ် ငလျင်ငယ်များ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ 

၁၉၇၀ ခုနှစ် စက်တင်ဘာလ ၉ ရက်တွင် ရန်ကုန်မြို့တွင် လှုပ်ခတ်ခဲ့သည့် အင်အားပမာဏ ရစ်ခ်ျတာစကေး ၅ ဒသမ ၀ နှင့်အထက် မြေငလျင်ကြောင့် ရွှေတိဂုံဘုရားထီးတော်အနည်းငယ်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အချို့သော အစိုးရအဆောက်အအုံများ၊ ကျောင်းများနှင့် ဆေးရုံများအနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။

အောင်သူရိန် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment