Monday, May 7, 2018

မြန်မာသတ္တုတွင်းဥပဒေကို မြို့နယ်ငါးခုမှ ဒေသခံများ ကန့်ကွက်


လက်ရှိအစိုးရလက်ထက် ပြင်ဆင်ရေးဆွဲ ထုတ်ပြန်လိုက်သည့် မြန်မာ့သတ္တုတွင်း ဥပဒေသည် ဒေသခံပြည်သူကို ကာကွယ်မပေးနိုင်ဘဲ ပြည်ပက လာရောက်လုပ်ကိုင်သည့် ကုမ္ပဏီကြီးများ အကျိုးရှိရေးအတွက်သာ ဖြစ်သည့်အတွက် ကန့်ကွက်ကြောင်း ပြင်ဦးလွင် ခရိုင်အတွင်းရှိ မြို့နယ်ငါးခုမှ ဒေသခံများက ပြောဆိုသည်။

ပြင်ဦးလွင်ခရိုင်အတွင်းရှိ ပြင်ဦးလွင်၊ မိုးကုတ်၊ သပိတ်ကျင်း၊ စဥ့်ကူးနှင့် မတ္တရာမြို့နယ်တို့မှ ဒေသခံများက မေလ ၇ ရက်နေ့တွင် စဥ့်ကူးမြို့နယ် ကျည်နောက်ပေါက်ကျေးရွာ၌ သတင်းစာ ရှင်းလင်းပွဲလုပ်ကာ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ တောင်းဆိုနေတာက ကိုယ့်ဒေသမှာရှိနေတဲ့ လုပ်ကွက်တွေကို ဒေသခံတွေကိုပဲ လုပ်ကိုင်ခွင့် ပေးစေချင်တာပါ။ ဒေသခံတွေက စဉ်ဆက်မပြတ် လုပ်လာတာ။ ဒါကို ဒေသခံတွေကိုကျတော့ လုပ်ကိုင်ခွင့်မပေးဘဲ၊ နိုင်ငံခြားကလာလုပ်နေတဲ့ အထူးသဖြင့် တရုတ်နိုင်ငံသားတွေကို လုပ်ကိုင်ခွင့်ပေးထားတယ်။ အခုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေကလည်း အဲ့ဒါတွေကို ပြုပြင်ပေးနိုင်တဲ့အချက် မပါဘူး။ ပြည်ပက လာတဲ့သူတွေကို ပိုပြီးအကျိုးရှိအောင် လုပ်ပေးသလိုဖြစ်နေတယ်။ ဒါကြောင့် ကန့်ကွက်ပါတယ်”ဟု သပိတ်ကျင်းမြို့နယ်မှ ရွှေလုပ်ငန်းရှင် ဦးမောင်ကြီးက ပြောကြားသည်။

သတ္တုတွင်းများနှင့်ပတ်သက်၍ သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေများတွင် နိုင်ငံခြားသားများကို လုပ်ကိုင်ခွင့်ပေး၍မရသော်လည်း၊ မြန်မာနိုင်ငံသား အမည်ခံကာ ကုမ္ပဏီများ လျှောက်ထား၍ တရုတ်နိုင်ငံသားများက ဝင်ရောက်လုပ်ကိုင်မှုများ ရှိနေသည့်အတွက် ဒေသခံပြည်သူများက တိုင်ကြားမှုများ လုပ်ခဲ့သော်လည်း အစိုးရက အရေးယူမပေးခဲ့ကြောင်း၊ လက်ရှိ ပြင်ဆင်ပြဋ္ဌာန်းထားသည့် နည်းဥပဒေတွင်လည်း ယင်းသို့ အမည်ခံ လျှောက်ထားကာ လုပ်ကိုင်နေသူများကို အရေးယူရမည့် ပြစ်မှုပြစ်ဒဏ်များ မပါဝင်သည့်အတွက်လည်း ကန့်ကွက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“ကျွန်တော်တို့ ပြင်ပေးစေလိုတဲ့ အချက် ခုနစ်ချက်လောက် ရှိပါတယ်။ အဓိက ပြောချင်တာကတော့ လုပ်ကိုင်ခွင့်သက်တမ်း။ နှစ်ငါးဆယ်ဆိုတာက လူသက်တမ်းတစ်ခုနီးပါးလောက်ရှိတယ်။ ဒီလောက်ကြီး ခွင့်ပြုလိုက်ရင် သယံဇာတက ကုန်သွားနိုင်ပါတယ်။ နောက်တစ်ခုကတော့ အကျယ်အဝန်းပါ။ သူက ဧကငါးသိန်းအထိ ချပေးနိုင်တယ်ဆိုတော့ ကျန်တော့တာကမှ နည်းနည်းလေး။ ကုမ္ပဏီကြီးတွေကို အဲ့ဒီလောက် အများကြီး ချပေးလိုက်မယ်ဆိုရင် ဒေသခံလုပ်ငန်းရှင်လေးတွေက ဘယ်မှာသွားလုပ်ရမှာလဲ။ ဒါလေးတွေကို ထည့်သွင်းစဉ်းစားပေးစေချင်ပါတယ်”ဟု မတ္တရာမြို့နယ် စကျင်ကျေးရွာမှ စကျင်ကျောက်လုပ်ငန်းရှင် ဦးစိုးဝင်းက ပြောဆိုသည်။

မြန်မာ့သတ္တုတွင်းနည်းပဒေကို ယခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့ရာ ယင်းဥပဒေကို ကန့်ကွက်လိုပါက ရက်ပေါင်း ကိုးဆယ်အတွင်း ကန့်ကွက်ခွင့်ရှိကြောင်း ပြည်သူ့လွှတ်တော် သယံဇာတကော်မတီက ထုတ်ပြန်ကြေညာထားသည်။

ဒေသခံများအနေနှင့် ဥပဒေတစ်ခုကို ကန့်ကွက်လိုပါက ဥပဒေပြုရေးမဏ္ဍိုင် ဖြစ်သည့်လွှတ်တော်တွင် ဆောင်ရွက်ရသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုက်ရိုက် တွေ့ဆုံကာ ဆွေးနွေးစေလိုကြောင်းနှင့် ဝန်ကြီးဌာနများအနေနှင့် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ အုပ်ချုပ်ရသည်သာဖြစ်ကြောင်း မန္တလေးတိုင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။

ဒေသခံများအနေနှင့် အဆိုပါ နည်းဥပဒေကို ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးထားသည့်စာရွက်များ ယခုတစ်ပတ်အတွင်း ဥပဒေပြုရေး ကော်မတီသို့ ပေးပို့မည်ဖြစ်ပြီး တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ကာ လက်ရှိတွင် လူတစ်ထောင်ကျော်က ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးထားသည်။

The Voice

0 comments:

Post a Comment