ပြည်တွင်းစစ် ရပ်တန့်ပေးရန် မော်တင်လမ်းဆုံမှ ဗန္ဓုလပန်းခြံအထိ ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်သည့်အဖွဲ့မှ ဦးဆောင်သူ လေးဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် သက်ဆိုင်ရာ မြို့နယ်လေးခုတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
“ခွင့်ပြုချက်တင်ထားတာမရှိလို့ ဆက်မလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဆက်ပြီး ဆန္ဒထုတ်ဖော်တဲ့အတွက် အမှုဖွင့်ခဲ့တာပါ။ အသိပေး အကြောင်းကြားတယ်ဆိုရင် ခွင့်ပြုချက်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အမှုဖွင့်လို့မရဘူး၊ ခွင့်ပြုချက်တင်ထားတော့ အမှုဖွင့်ခဲ့ရင်လည်း ဖြေရှင်းလို့ရတယ်။ ခွင့်ပြုချက်တော့ တင်မထားဘူး၊ ဒါပေမဲ့ ဆက်မလုပ်ဖို့ တားမြစ်တဲ့အချိန်မှာ ရပ်တန့်ပေးရင်လည်း အမှုဖွင့်လို့ မရပါဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
ဆန္ဒထုတ်ဖော်ရာတွင် ကချင်ပြည်နယ်အတွင်း၌ ဖြစ်နေသော တိုက်ပွဲများကြား ပိတ်မိနေသော ပြည်သူများအား ဘေးကင်းလုံခြုံသည့်နေရာ ရွှေ့ပြောင်းပေးရန်၊ ငြိမ်းချမ်းစွာ တောင်းဆိုနေသည့် ကချင်လူငယ်များအား အကြမ်းဖက်ဖြိုခွဲခြင်း မပြုရန်၊ တပ်မတော်မှ ထိုးစစ်များ ချက်ချင်း ရပ်တန့်ပေးရန် တောင်းဆိုထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် အသုံးပြုခဲ့ကြောင်း၊ ချီတက်ရာ လမ်းတစ်လျှောက်တွင် တပ်မတော် ထိုးစစ်များ ချက်ချင်းရပ်၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးသူ တို့ရန်သူ၊ ပြည်တွင်းစစ် ချက်ချင်း ရပ်၊ ကချင်ပြည်နယ်တွင် ပိတ်မိနေသော ပြည်သူများ လွှတ်ပေးရေး တို့အရေးစသည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြောင်း အမှုဖွင့် တိုင်တန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
အမှုဖွင့်ခံရမှုနှင့်ပတ်သက်၍ ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့သူ ကိုကောင်းထက်ကျော်က “ကျွန်တော်တို့ဆီတော့ တရားဝင် အကြောင်းကြားတာ မရှိသေးဘူး၊ အခုလို တရားစွဲဆိုတဲ့အပေါ်မှာလည်း အသိအမှတ်ပြုမှာလည်း မဟုတ်ဘူး၊ နိုင်ငံသားတစ်ဦးရဲ့ မွေးရာပါ အခွင့်အရေးအရ ဆန္ဒထုတ်ဖော်တာဖြစ်တယ်။ ကိုယ့်ဆန္ဒထုတ်ဖော်တာကို အာဏာပိုင် အဖွဲ့အစည်းတွေဆီမှာ ခွင့်ပြုချက် တောင်းခံရတယ်ဆိုတာ လက်သင့်မခံနိုင်တဲ့အတွက် အသိအမှတ် မပြုတာပါ။ သူတို့ဆီကို ခွင့်ပြုချက်တောင်းရအောင် သူတို့အခွင့်အရေးအတွက် ဆန္ဒထုတ်ဖော်နေတာမဟုတ်ပါဘူး”ဟု The Voice Daily ၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။
The Voice







0 comments:
Post a Comment