အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း ဒေသရှိ ဗလီတစ်ခုတွင် ဗုံးပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးသွားသည်ဟု ကျန်းမာရေးအာဏာပိုင်များက ပြောကြားကြောင်း Aljazeera သတင်းဌာနက ရေးသားဖော်ပြသည်။
ဗုံးပေါက်ကွဲမှုဖြစ်သည့် ယာကူဘီဗလီသည် အာဖဂန်အရှေ့ပိုင်း ခို့စ်မြို့တွင်ရှိပြီး မဲဆန္ဒရှင်များ မှတ်ပုံတင်စာရင်းသွင်းသည့် နေရာအဖြစ် အသုံးပြုလျက်ရှိသည်ဟု အာဏာပိုင်များက ဆိုသည်။
အာဖဂန်ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက အဆိုပါဗလီ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၃၀ ကျော်ခန့် ရှိသည်ဟု ဆိုသည်။
အဆိုပါဗုံးသည် ယမန်နေ့က ဝတ်ပြုဆုတောင်းသူများနှင့် မဲပေးရန် စာရင်းသွင်းသူများ စုဝေးရောက်ရှိနေချိန်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်အကြမ်းဖက် အုပ်စုကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်း မပြုသေးပေ။
အာဖဂန်တွင် တိုက်ခိုက်မှုများပြု လုပ်လေ့ရှိသည့် တာလီဘန်အုပ်စုမှ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ်က တာလီဘန်တို့အနေနှင့် ယင်းတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ပြောကြားသည်။
အာဖဂန်နစ္စတန်သည် လာမည့် အောက်တိုဘာလအတွင်း၌ ပါလီမန်ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။
ယခုလအစောပိုင်းကလည်း မြို့တော်ကဘူးလ်ရှိ မဲစာရင်းသွင်းသည့်စင်တာ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူပေါင်း ၆၃ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော်ဒဏ်ရာရရှိသွားသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကို IS အကြမ်းဖက်အုပ်စုက ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။
“မဲစာရင်းသွင်းတဲ့ စင်တာတွေ၊ မဲရုံအရာရှိတွေနဲ့ အလုပ်သမားတွေကို တိုက်ခိုက်တာကိုကြည့်မယ်ဆိုရင် ကာလကြာရှည်စွာ စောင့်ဆိုင်းခဲ့ရတဲ့ ရွေးကောက်ပွဲကို အစိုးရဆန့်ကျင်ရေးအုပ်စုတွေက ကမောက်ကမဖြစ်အောင် လုပ်နေကြတယ်ဆိုတာ ရှင်းပါတယ်”ဟု Aljazeera သတင်းဌာန၏ အာဖဂန်နစ္စတန် အခြေစိုက်သတင်းထောက် ဂျနီဖာဂလပ်စ်က ပြောကြားသည်။
အာဖဂန်တွင် ပြီးခဲ့သည့် ဧပြီလမှစတင်ကာ မဲဆန္ဒရှင်စာရင်းစတင်လက်ခံခဲ့ရာ ယနေ့အချိန်အထိ လူပေါင်း ၁ သန်းကျော်ခန့် မဲစာရင်းသွင်းခဲ့ပြီဖြစ်ကြောင်း ရွေးကောက်ပွဲအာဏာပိုင်များက ပြောကြားထားသည်။
The Voice







0 comments:
Post a Comment