Tuesday, May 8, 2018

JMC ကိုဖွဲ့စည်းပြီးတဲ့ ၂ နှစ်ခွဲ ကာလအတွင်း တိုင်ကြားမှု ၄၁၁ မှုရှိခဲ့


ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ကိုဖွဲ့စည်းပြီးတဲ့ ၂ နှစ်ခွဲ ကာလအတွင်း တိုင်ကြားမှု ၄၁၁ မှုရှိခဲ့တယ်လို့ JMC-U ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် က ပြောပါတယ်။

ဒီကနေ့ မနက်ကစတင်ပြီး ရန်ကုန်မြို့မှာပြုလုပ်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်ရဲ့ ဒုတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး (JMC Conference) မှာ သူကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

JMC ဖွဲ့စည်းပြီးတဲ့ ၂ နှစ်နဲ့ ၆ လကာလအတွင်း JMC အဖွဲ့အစည်းအဆင့်ဆင့်မှာ တိုင်ကြားမှု ၄၁၁ စောင်ရှိခဲ့ပြီး အဲဒီအထဲက ၃၃၄ မှုကိုဖြေရှင်းဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း၊ ဒါကြောင့် တိုင်ကြားမှုတွေရဲ့ ၈၁ ရာခိုင်နှုန်းကိုဖြေရှင်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့ နယ်မြေတွေမှာဖွဲ့စည်းထားတဲ့ JMC-S တွေမှာ ဆောင်ရွက်ချက်တွေ အားနည်းတာတွေ့ရတဲ့အတွက် အစည်းအဝေးပြီးတိုင်း/ပြီးတိုင်း နှစ်ဘက်တပ်မှူးတွေတွေ့ဆုံဖို့ဆိုပီးတော့ ယုံကြည်မှုတည်ဆောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိအောင်ဆောင်ရွက်သွားဖို့ လည်း သူကတိုက်တွန်းပြောကြားခဲ့ပါတယ်။

JMC ဖွဲ့စည်းပြီးတဲ့ ၂ နှစ်ခွဲ ကာလအတွင်းမှာ လုပ်ငန်းလမ်းညွှန် ၈ခု လုပ်ထုံးလုပ်နည်း ၆ခု တို့ကိုရေးဆွဲအတည်ပြုပြီးဖြစ်ကြောင်းလည်း JMC-U ဒုတိယဥက္ကဌ (၁)ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောပါတယ်။

အောင်မြင်မှုရှိ/မရှိဆိုတာ မြေပြင်မှာဖြစ်ပျက်နေတဲ့ဖြစ်စဉ်တွေနဲ့တိုင်းတာရမှာဖြစ်ကြောင်း၊ အောင်မြင်မှုရှိတယ်ဆိုရင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်ပြီး အောင်မြင်မှုမရှိရင်လည်းပြန်လည်သုံးသပ်ရမှာဖြစ်ကြောင်း၊ သုံးသပ်တဲ့နေရာမှာလည်း အငြင်းပွားခြင်း အပြစ်ဖို့ခြင်းထက် ပြဿနာရဲ့အရင်းအမြစ်ကိုဖော်ထုတ်ခြင်းနည်းလမ်းနဲ့ ဖော်ထုတ်ရမှာဖြစ်တယ်လို့ သူကထပ်လောင်းဆိုပါတယ်။

JMC-U ဒုတိယဥက္ကဌ(၂) ဦးပြည့်စုံကလည်း JMC ဖွဲ့စည်းပြီးနောက် ပစ်ခတ်တိုက်ခိုက်မှုတွေ တစ်ချို့နေရာမှာလျော့နည်းသွားကြောင်း တစ်ချို့နေရာတွေမှာ ချုပ်ငြိမ်းသွားကြောင်း၊ ဒါပေမဲ့တစ်ချို့နေရာတွေမှာအောက်ခြေမှာထိတွေ့မှုလေးတွေရှိနေတာကိုလည်းတွေ့ရကြောင်း ဆိုပါတယ်။

ဒီအပေါ်မှာ သိပ်ပြီးစိုးရိမ်မှုမထားဖို့၊ သိပ်ပြီးစိုးရိမ်စိတ်ထားရင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အနှောက်အယှက်ဖြစ်နိုင်ကြောင်း၊ ဒါပေမဲ့ ပေါ့ပေါ့တန်တန်သဘောထားလို့မရကြောင်း သူကဆိုပါတယ်။

အခုပြုလုပ်နေတဲ့ (JMC) အဆင့်ဆင့်ရဲ့ ဒုတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး (JMC Conference) ကို ဒီကနေ့ နဲ့ မနက်ဖြန် ၂ ရက်တိုင်ကျင်းပမှာဖြစ်ပါတယ်။

Popular News Journal

0 comments:

Post a Comment