Tuesday, May 8, 2018

ဝေါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ နေအိမ်ရှေ့တွင် WY ဆေးပြားများ သိမ်းဆည်းရမိ


ပဲခူးတိုင်းဒေသကြီး ၊ ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး၏ နေအိမ်ခြံရှေ့ ရှင်းလင်းနေစဉ် WY ဆေးပြား ၂ ထုပ်တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၇ ရက် ည ၇ နာရီခန့်တွင် ဝေါမြို့နယ် ၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီး ၊ ချမ်းမြသာစည်ရပ်ကွက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး၏နေအိမ်ရှေ့ခြံစည်းရိုးတွင် WY စာတန်းပါ အပန်းရောင်စိတ်ကြွရှုးသွပ်ဆေးပြားနှစ်ထုပ် တွေ့ရှိရမိခဲ့ကြောင်း ဝေါမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

“ဝေါပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်ထွေး ရဲ့အိမ်ရှေ့မှာ ဆိုင်းဘုတ်စိုက်ဖို့အတွက် ရှင်းလင်းတဲ့ အချိန်မှာ WY ဆေးပြားနှစ်ထုပ်တွေ့ရှိရတာပါ။ တစ်ထုပ်က ၁၈၀ ပြားနဲ့ နောက်တစ်ထုပ်မှာက ၁၉၀ ပြား အားလုံးပေါင်း ၃၇၀ ပြားသိမ်းဆည်းရမိခဲ့ပါတယ်။ပိုင်ရှင်မဲ့ဆိုပေမဲ့ ဦးတင်ထွေးကိုပဲ စစ်ဆေးနေရတာပေါ့။ သူ့အိမ်ရှေ့မှာတွေ့ရှိတာဆိုတော့လေ” ဟု ဝေါမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အန်ကယ့်ခြံနဲ့ပေ ၂၀ ကျော်လောက်အကွာမှာ လွှတ်တော်ဆိုင်းဘုတ်တင်ဖို့အတွက် လက်သမားဆရာ တစ်ယောက်ကိုခေါ်ထားတယ်။အိမ်ရှေ့ခရေပင်အောက်ကလေးတွေကစားတဲ့နေရာမှာ ကိုက္ကိုပြားကြီးကို တွင်းတူးဖို့ဖယ်လိုက်တဲ့အခါကျတော့ အဲဒီမှာသွားတွေ့တာပေါ့။တွေ့တွေ့ချင်းလက်သမားဆရာက ချက်ချင်း မပြောသေးဘူး။နောက်မှပြောပြတော့ ကျွန်တော်ကလည်း ရဲစခန်းက အဓိကတာဝန်ရှိသူတွေကို ချက်ချင်း အကြောင်းကြားလိုက်တာပါ” ဟု ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်ထွေးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မူးယစ်အမှတ်စဉ် ၂/၂၀၁၈ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၉(က)ဖြင့် ဝေါမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

ဒါးဇ(အကုန်သိသတင်းဌာန) 

0 comments:

Post a Comment