NCA တွင် လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ (NMSP) မှ တောင်းဆိုထားသော စီးပွားရေး လုပ်ပိုင်ခွင့်များအား ခွင့်ပြုသင့်၊ မပြုသင့်ကို အစိုးရက စိစစ်နေကြောင်း မွန်ပြည်သစ်ပါတီ၏ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် နိုင်အောင်မငေးက The Ladies News သို့ ပြောကြားသည်။
`သတ္ထုတူးဖေါ်ရေး၊ မြေလွတ်မြေရိုင်းကိစ္စမှာ ကျွန်တော်တို့ တောင်းထားတဲ့မြေရှိတယ်၊ ကျောက်ထုတ်လုပ်ရေး ကိစ္စတွေ တောင်းထားတာရှိတယ်။ တချို့ဆိုရင် ပြည်နယ်အစိုးရဘက်က လုပ်ပိုင်ခွင့်ရှိတယ်၊ တချို့ဆိုရင် ပြည်ထောင်စုဝန်ကြီးဌာနက လုပ်ပိုင်ခွင့်ရှိတယ်။ သူတို့က သေသေချာချာ စိစစ်နေတုန်းပဲ` ဟု ၄င်းကပြောကြားသည်။
၂၁-ပင်လုံ တတိယအကြိမ် အစည်းအဝေးကာလ၌ မွန်ပြည်သစ်ပါတီက နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တွေ့ဆုံစဉ်တွင် အစိုးရထံမှ စီးပွားရေးလုပ်ပိုင်ခွင့်များ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေးနှင့် စီးပွားရေးသည် အပြန်အလှန် ဆက်စပ်နေသည့်အတွက် စီပွားရေးပိုင်းတွင် သေချာရေရာခြင်း မရှိပါက ဆက်လက်ရပ်တည်ရေး တွင် အထစ်အငေါ့များ ရှိလာနိုင်သောကြောင့် စီးပွားရေး လုပ်ပိုင်ခွင့် များကို အစိုးရထံမှ တောင်းဆိုရခြင်း ဖြစ်သည်ဟု နိုင်အောင်မငေးက ပြောကြားသည်။
NCA လက်မှတ် မရေးထိုးစဉ်ကာလက တပ်မတော် စစ်ကြောင်းများ သည် မွန်ပြည်သစ်ပါတီ၏ စိုးမိုနယ်မြေအတွင်းသို့ ၀င်ရောက်ခြင်းများ ရှိခဲ့ပြီး NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်းတွင်မူ ထိုသို့ ၀င်ရောက်လာခြင်းမျိုး မရှိတော့ ကြောင်းကိုလည်း ၄င်းက ပြောကြားသည်။
မွန်ပြည်သစ်ပါတီ (NMSP) သည် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းဖြစ်သည်။
အောင်ရဲနောင်
The Ladies News







0 comments:
Post a Comment