Wednesday, October 3, 2018

အင်တာနက်တိုင်များ စိုက်ထူတပ်ဆင်ရာတွင် ဆက်သွယ်ရေး၏ လုပ်ငန်းခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်နေ


အဆောက်အဦများပေါ်တွင် အင်တာနက်တိုင်များကို စိုက်ထူတပ်ဆင်ရာ၌ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီး ဌာနမှ လုပ်ငန်းခွင့်ပြုမိန့်ဖြင့်   ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း  ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

"ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အင်တာနက်တိုင်တည်ဆောက်မှုအတွက်ကို ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနကနေပြီးတော့ လုပ်ငန်းခွင့်ပြုမိန့် ဆောင်ရွက်ပေးနေပါတယ်" ဟု ဦးမောင်မောင်စိုးက ပြောသည်။
ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက MPT, Ooredoo, Telenor, Mytel အပါအဝင် တယ်လီဖုန်းလိုင်းများနှင့် အင်တာနက် လိုင်းများအတွက် အင်တာ နက်တိုင်များကို အဆောက်အဦများပေါ်တွင် စိုက်ထူတပ်ဆင်ရာ၌ မည်သည့်စည်းကမ်းများဖြင့် မည်သည့် အဖွဲ့အစည်းများက ခွင့်ပြုမိန့်ထုတ်ပေးပါသလဲ ဟု မေးမြန်းခဲ့မှုကို ရန်ကုန်မြို့တော်ဝန်က ပြန်လည်ဖြေကြား ခဲ့ခြင်း ဖြစ်သည်။
"အဆောက်ဦးတွေပေါ်မှာ အင်တာနက်တိုင်တွေတပ်ဆင်ဖို့ လျှောက်ထားတဲ့အခါမှာ အဓိက အဆောက်အဦ ပိုင်ရှင်နဲ့ တပ်ဆင်လိုတဲ့ ကုမ္ပဏီတို့ကို ညှိနှိုင်းမှုတွေပြုလုပ်ရပါတယ်။ အဆောက်အဦရဲ့ ခံနိုင်ဝန်နဲ့ အင်တာနက် တိုင်တွေရဲ့ဒီဇိုင်းပုံစံတွေကို အရင်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အသိအမှတ်ပြု လိုင်စင် ရ အင်ဂျင်နီယာဌာနကလည်းကောင်း အခုအခါ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီတို့က အသိအမှတ်ပြု လက်မှတ်ရ အင်ဂျင်နီယာများကလည်းကောင်း စိစစ်အတည်ပြုလက်မှတ်ရေးထိုးပြီး ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနကို လျှောက်ထားရပါတယ်" ဟု ဦးမောင်မောင်စိုးက ပြော သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်တာနက်တိုင်များ တည်ထောင်နေမှုကို အုပ်ချုပ်ရေးရှုထောင့်မှ ကန့်ကွက် ရန်မရှိကြောင်း စိစစ်တွေ့ရှိရသည့် အင်တာနက်တိုင်များ တည်ဆောက်နေမှုကို ဆက်သွယ်ရေး ကွန်ရက်တိုး ချဲ့တည်ဆောက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပြန်လည်တင်ပြ၍ အုပ်ချုပ် ရေးရှုထောင့်မှ ကန့်ကွက်ရန်မရှိသော အင်တာနက်တိုင် တည်ဆောက်လိုမှုများကိုသာ ဆက်သွယ်ရေး ညွှန် ကြားမှုဦးစီးဌာနမှ လုပ်ကိုင်ခွင့်ပြုမိန့်များကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လူနေတိုက်တာများပေါ်တွင် စိုက်ထူထားသည့် အင်တာနက်တိုင်များရှိ တိုင် (၁)တိုင်၏ ပျမ်းမျှအလေးချိန်သည် တပ်ဆင်ထားသော ဆက်စပ်သည့်ပစ္စည်းများ၏ စုစုပေါင်းပေါ်မူတည်၍ (၃၅၂)ကီလိုဂရမ်မှ (၉၄၅)ကီလိုဂရမ် အထိရှိကြောင်း သိရသည်။

mizzima

0 comments:

Post a Comment