ပြင်သစ်မှာ ဟောလီးဝုဒ် ရုပ်ရှင်ကားဆန်ဆန် ရဟတ်ယာဉ်နဲ့ ထောက်ဖောက်ပြေးသွားတဲ့ နာမည်ကြီး လူမိုက်ဂိုဏ်းစတားတစ်ဦးကို သုံးလအကြာ လွတ်မြောက်နေပြီးမှ အောက်တိုဘာ ၃ ရက်မှာ ပြန်လည်ဖမ်းဆီးရမိပါတယ်။
ပါရီမြောက်ပိုင်းက အိုအီဆေးအရပ်မှာ ဒီကနေ့ နံနက်အစောပိုင်းအချိန်မှာ မျက်နှာဖုံးတွေ တပ်ဆင်ထားတဲ့ ရဲ ဒါဇင်များစွာက အိမ်ရာတစ်ခုကို ၀ိုင်းထားပြီးနောက်မှာ နာမည်ကြီးဂိုဏ်းစတားတစ်ဦးဖြစ်တဲ့ အသက် ၄၆ နှစ်ရှိ ရီဒိုအင်းဖေ့ဒ်ကို အခြားလေးဦးနဲ့အတူ တိုက်ခန်းတစ်ခုအတွင်း ၀င်စီးနင်းပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖေ့ဒ်ရဲ့ အစ်ကို ရစ်ချက်နဲ့ တူနှစ်ဦးတို့ကိုနဲ့အတူ ဒီတိုက်ခန်းပိုင်ရှင် အမျိုးသမီးကိုပါ အတူဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရဲသတင်းရင်းမြစ်က ပြောပါတယ်။
ဒီတိုက်ခန်းမှာ လက်နက်နှစ်လက်ကိုလည်း သိမ်းဆည်းရမိပါတယ်။ ရဲတပ်ဖွဲ့ရဲ့ တစ်ပြိုင်နက်တည်း စီးနင်းဖမ်းဆီးမှုမှာ အခြားကြံရာပါလို့ သံသယရှိသူနှစ်ဦးကိုပါ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
လူမိုက်ဂိုဏ်းစတားကြီး ဖေ့ဒ်ဟာ ဇူလိုင် ၁ ရက်က ထောင်ဖောက်ပြေးသွားခဲ့တာဖြစ်ပြီး ရဲတွေက အသည်းအသန် လိုက်လံရှာဖွေလို့ နေခဲ့ရတာဖြစ်ပါတယ်။
ဇူလိုင် ၁ ရက်က ဖေ့ဒ်တို့ရဲ့ ထောင်ဖောက်ထွက်ပြေးမှုဟာဆိုရင် ဟောလီးဝုဒ်ရုပ်ရှင်ဆန်ပြီး လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ကြံရာပါဂိုဏ်းသားတွေဟာ မီးခိုးဗုံးတွေ သုံးပြီး ဂလက်ဒါတွေနဲ့ ထောင်တံခါးတွေကို ချိုးဖောက်လို့ အသင့်စောင့်နေတဲ့ ရဟတ်ယာဉ်ဆီ ဖေ့ဒ်ကို ကယ်ထုတ်ပြီး ထောင်ဖောက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။
ဖေ့ဒ်တို့ရဲ့ ထောင်ဖောက်ပြေးမှုဟာ အဲဒီအချိန်က မီဒီယာခေါင်းကြီးသတင်းတွေ ဖြစ်ခဲ့ပြီး ခုချိန် သုံးလကြာမှ ရဲက ပြန်လည်ဖမ်းဆီးလိုက်နိုင်တာပဲ ဖြစ်ပါတယ်။
mizzima







0 comments:
Post a Comment