တောင်ကိုရီးယား စစ်တပ်က တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကို ပိုင်းခြားထားပြီး စစ်တပ်အကြီးအကျယ် ချထားတဲ့ နယ်စပ်က ပူးတွဲလုံခြုံရေးဧရိယာ (JSA) မှာ မြေမြှုပ်မိုင်းတွေ ရှင်းလင်းနေပါတယ်။
ဒီစီမံကိန်းကို ကိုရီးယားကျွန်းဆွယ်အတွင်း ယုံကြည်မှု တည်ဆောက်ရေးနဲ့ တင်းမာမှု လျှော့ချရေး သဘောတူညီချက်အရ အောက်တိုဘာ ၁ ရက်နေ့က စတင်လုပ်ဆောင်တာပါ။
အရင်လက မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ကြား ထိပ်သီးညီလာခံအတွင်း ပဋိညာဉ်ရဲ့ အသေးစိတ် အချက်အလက်တွေကို သဘောတူခဲ့ကြပါတယ်။
လာမယ့်ရက် ၂၀ အတွင်း ပန်မွန်ဂျုံဒေသ ပူးတွဲလုံခြုံရေး ဧရိယာမှာ ရှိနေတဲ့ မြေမြှုပ်မိုင်းတွေ အားလုံးကို ဖယ်သွားဖို့ ၂ ဖက်လုံးက သဘောတူထားတယ်။
တောင်ကိုရီးယားဘက်က ဘေးအန္တရာယ်ရှိတဲ့ အလုပ်တွေကို စစ်အင်ဂျင်နီယာတွေက လုပ်သွားမယ်လို့ ကာကွဝ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
သဘောတူညီချက်ထဲမှာ JSA ကနေ မြေမြှုပ်မိုင်းတွေကို ဖယ်ပြီးရင် အစောင့်တပ်စခန်းတွေနဲ့ လက်နက်တွေကို ဖယ်ရှားရေးလည်း ပါပါတယ်။
တပ်ဖွဲ့တွေကတော့ လက်နက်မပါဘဲ စောင့်ကြပ် ကျန်ရစ်မှာပါ။ ကိုရီးယား ၂ နိုင်ငံက တပ်တွေ မျက်နှာချင်းဆိုင် ရှိနေတဲ့ စစ်တပ်ကင်းမဲ့ဇုန် DMZ ဟာ ၁၅၅မိုင် ရှည်ပြီး JSA ကတော့ အဲဒီမျဉ်းပေါ်က နေရာတခု ဖြစ်ပါတယ်။
DVB







0 comments:
Post a Comment