မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၆၈လမ်း၊၃၃လမ်းနှင့်၃၄လမ်းကြား၊ ပညာရေးကောလိပ်တိုက်ခန်း၊ အခန်းအမှတ်(၇၇/၇၈)တွင် နိုဝင်ဘာ ၂၈ ရက် နံနက် ၁၀း၂၈ နာရီအချိန်ခန့်က တပ်ဆင်ထားသော အဲယားကွန်း Save Card အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး၊ မန္တလေးခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်တို့ ဦးစီးသည့် သန္ဓေတပ်ဖွဲ့ဝင်(၂၀)ဦး၊ အရန်တပ်ဖွဲ့ဝင်(၈၀)ဦး၊ မီးသတ်ယာဉ်(၁၀)စီး၊ အုပ်ချုပ်မှု ယာဉ်(၂)စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၁၀း၃၃ နာရီအချိန်တွင် မီးငြိမ်းခဲ့သည်။
"မီးလောင်မှုဖြစ်ဖြစ်ချင်းမှာပဲ level-1စေလွှတ်ပြီး ငြိမ်းသတ်ခဲ့တယ်။ ချက်ချင်းငြိမ်းသတ်နိုင်ခဲ့လို့ မီးထိန်းနိုင်ခဲ့ပါတယ်။ ဆုံးရှုံးမှုလည်းနည်းပါတယ်"ဟု မန္တလေးခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်က ပြောကြားခဲ့သည်။
မီးလောင်မှုကြောင့် အဆိုပနေအိမ်ရှိ အဲယားကွန်း တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ငွေကျပ်တန်ဖိုး (၇၀၀၀၀)ကျပ် မီးလောင် ဆုံးရှုံးခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပေါ့ဆစွာအသုံးပြုသူ မန်နေဂျာ ဦးဝမ်းထက်အောင်၊ (၂၇)နှစ်၊ (ဘ)ဦးညီညီစိုး၊ မျက်ပါးရပ်၊ မဟာအောင်မြေမြို့နယ်နေသူအား အမှတ်(၃) နယ်မြေရဲစခန်းမှ (ပ)၈၂၁/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ကိုမြတ်(မန်း)
Isee Media








0 comments:
Post a Comment